မွန်မှာ လျှပ်စစ်မီးပိုမိုရရှိအောင် လုပ်ဆောင်နေတယ်လို့ လျှပ်စစ်ဝန်ကြီးပြော

မွန်မှာ လျှပ်စစ်မီးပိုမိုရရှိအောင် လုပ်ဆောင်နေတယ်လို့ လျှပ်စစ်ဝန်ကြီးပြော
ဓာတ်ပုံ-MOI/CJ
ဓာတ်ပုံ-MOI/CJ

လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး ပိုမိုရရှိအောင် လုပ်ဆောင်နေတယ်လို့ မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဇေယျာဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့က သထုံမြို့နယ် ကြာပန်းကျေးရွာရှိ သထုံ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံအား သွားရောက် ကြည့်ရှုစစ်ဆေးစဉ် စစ်အစိုးရခန့် မွန်ပြည်နယ် လျှပ်စစ် ဝန်ကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ်မီး ပိုမိုရရှိရေးအတွက် သထုံ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို အကြီးစား ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး စက်ရုံ ပြန်လည်ပတ်နိုင်ပါက ပြည်နယ်အတွင်းရှိ ပြည်သူတွေ လျှပ်စစ်မီး ရရှိချိန် ပိုများလာမယ်လို့ ဆိုပါတယ်။

ဒါကြောင့် သထုံ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှာ လက်ရှိဆောင်ရွက်နေတဲ့ အကြီးစားပြင်ဆင်မှု လုပ်ငန်းတွေ အမြန်ဆုံးပြီးမြောက်အောင် ပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့ ပြည်နယ်လျှပ်စစ်ဝန်ကြီးက တိုက်တွန်းခဲ့တာပါ။

မွန်ဒေသခံ တစ်ဦးကတော့ လျှပ်စစ်မီး ပိုရအောင် လုပ်ဆောင်နေတယ်ဆိုတဲ့ ပြောဆိုမှုဟာ ဟန်ရေးပြသမှုသာ ဖြစ်ပြီး လက်တွေ့မှာ လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုဆိုးလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရှင်းရှင်းပြောရင် ပြည်သူအတွက် လုပ်တယ် ဆိုပြီး ဟန်ရေးပြပဲ လုပ်တယ်။ လျှပ်စစ်မီးကိစ္စ မီးမလာတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ သူတို့ လုပ်တော့ လုပ်တယ်။ ဒါပေမယ့် ဟန်ရေးပြပဲ။ ဓာတ်ပုံတွေ ရိုက်သွားတယ်။ ရိုက်ပြီးတော့ ပြန်တယ်။ သူတို့ လာပြီးမှပဲ ပိုဆိုးသွားတာပဲ။ မီးက အခု ဓာတ်တိုင်တောင် မလာတော့ဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်က လျှပ်စစ်မီး ပေးချိန်တွေကို ရပ်ကွက်တွေအလိုက် အချိန်ဇယားနဲ့ ပြည်သူတွေကို ချပြခဲ့ရာမှ စစ်အစိုးရလက်ထက်မှာတော့ ချပြတာမရှိဘဲ ပေးချင်တဲ့အချိန် ပေးနေတာကြောင့် အလုပ်လုပ်ကိုင်ရတာကအစ အခက်တွေ့ ရနေတယ်လို့ သူက ဆက်ပြောပါတယ်။

၁၁၈ ဒသမ ၉  မဂ္ဂါဝပ်ရှိတဲ့ သထုံ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ပြန်လည်ပတ်နိုင်ဖို့ Yangon Industrial Solutions Co.,Ltd က တာဝန်ယူပြီး အကြီးစား ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သထုံ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဟာ ပြည်နယ်အတွင်း လျှပ်စစ်မီး ပိုမို ရရှိစေဖို့အတွက် ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၄၀ နဲ့ တည်ဆောက်ခဲ့တာပါ။

သထုံ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုကို China Energy Engineering Corporation က တင်ဒါအောင်မြင်ခဲ့တာ ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလမှာ စက်ရုံစတင် ဖွင့်လှစ်နိုင်ခဲ့တာပါ။

စက်ရုံက ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားတွေကိုတော့ စစ်တောင်း - သထုံ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း၊ သထုံ - မော်လမြိုင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းတို့နဲ့ ချိတ်ဆက်ပြီး နိုင်ငံတော် ဓာတ်အားစနစ်ထဲ ပို့ဆောင်နေတာ ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...