သျှမ်းပြည်တွင် ကျားဖြန့်တရုတ်နိုင်ငံသားများ ဆက်တိုက်ဖမ်းဆီးရမိ

သျှမ်းပြည်တွင် ကျားဖြန့်တရုတ်နိုင်ငံသားများ ဆက်တိုက်ဖမ်းဆီးရမိ

စိုင်းဆိုင်အိုက် — သျှမ်းပြည်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို ဆက်တိုက် ဖမ်းဆီးရမိနေကြောင်း စုံစမ်းသိရသည်။

ယခု မတ်လဆန်းပိုင်းတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန်အတွက် အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရုံးခွဲ အခြေစိုက်ပြီး ထိုင်းအာဏာပိုင် အဖွဲ့အစည်းများနှင့် ဒေသတွင်း မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် အမေရိကန်လူထုကို ဒေါ်လာသန်းရာထောင်ချီ ဆုံးရှုံးအောင် ပစ်မှတ်ထားသည့် မြန်မာ၊ ထိုင်းနှင့် ကမ္ဘာဒီယားနိုင်ငံရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းနိုင်ရန်အတွက် နိုင်ငံအတွင်း ဝင်ရောက်ကာ ဖြိုခွင်းသွားမည်ဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးဗျူရို(FBI) အကြီးအကဲက ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် အမေရိကန် အထက်လွှတ်တော်ရှိ ထောက်လှမ်းရေးကော်မတီတွင် ပြောဆိုခဲ့သည်။

သို့သော်လည်း သျှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် ယခုရက်သတ္တပတ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၃၅)ဉီးနှင့်အတူ ၎င်းတို့အသုံးပြုသည့် ပစ္စည်းများကိုပါ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့လောက်က တရုတ်ကျားဖြန့် ၈၀ ကျော်ကိုတော့ ဝင်ဖမ်းတယ်။ မနေ့က နဲ့ ရှေ့တစ်နေ့ကလည်း တော်ရွက်ရပ်ကွက်ထဲကို သူတို့တွေ ဝင်စစ်နေတာ။ ဖမ်းမိလား မမိဘူးလား ဆိုတာတော့ မသိရသေးဘူး”ဟု မူဆယ်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မတ်လ ၂၀ ရက်နှင့် ၂၁ ရက်တွင် လဲချားမြို့နယ် ကောင်းစံကျေးရွာအနီး ၃ မိုင် ပတ်လည်ခန့်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၄၉ ဦးနှင့် ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁ ဦးတို့ကို ဆက်စပ် ပစ္စည်းများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ထပ်လောင်းပြောသည်။

“သူတို့ ပထမဆုံး ဝင်ဖမ်းတဲ့နေရာက လူမရှိဘူး။ ပစ္စည်းပဲ တွေ့တာ။ အဲ့နေရာတွေနဲ့ မနီးမဝေး။ နောက်ထပ် နှစ်နေရာမှာ ထပ်ပြီး ၅၀ ယောက်လောက်ကို ဖမ်းမိတယ်လို့တော့ သိရတယ်”ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လဲချားမြို့နယ် ကောင်းစံကျေးရွာအနီးရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် ယာယီ အဆောက်အဦများကို စစ်ကော်မရှင်တပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်အတွင်း စစ်ကော်မရှင်တပ်အပြင် မန်ပန်ပြည်သူ့စစ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ လှုပ်ရှားသည့် နယ်မြေလည်း ဖြစ်သည်။

“ကျားဖြန့်တွေ လုပ်တဲ့နေရာက လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့နေရာ အဓိက စစ်ကော်မရှင်တပ်တွေ ထိန်းချုပ်တဲ့ နေရာရော ပါတယ်။ နောက်ပြီး တရုတ်တွေ နိုင်ငံခြားသားတွေ ဒီဘက်ကို ဘယ်လို ခိုးဝင်လာလဲ။ ဒါတွေက စစ်ကော်မရှင်တပ်က လူတွေ မသိဘူးဆိုတာ မဟုတ်ဘူး၊ သူတို့ပါဝင်နေလို့ပဲ” ဟု မူဆယ်မြို့နေ အသက် ၃၀ အရွယ်ရှိ ဒေသခံ အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်လာသည့် ၂၀၂၃ ခုနှစ်တွင်လည်း ညီနောင်မဟာမိတ်တပ်တို့သည့် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု ပပျောက်ရေးဆိုသည့် ခေါင်းစဉ်ဖြင့် စစ်ရေးဖော်ဆောင်ခဲ့သော်လည်း ယနေ့အထိ ပပျောက်သွားခြင်း မရှိဘဲ အောင်မြင်မှု မရရှိခဲ့ပေ။

ထို့အပြင် လက်ရှိ စစ်ကော်မရှင်တပ်ဖွဲ့များသည် ကျားဖြန့်လုပ်ကိုင်နေသူများကို ဖမ်းဆီးနေခြင်းသည် ဟန့်ပြ လုပ်ရပ်သာဖြစ်ပြီး၊ အမေရိကန်ထောက်လှမ်းရေး ဗျူရို(FBI) က ကျားဖြန့်လုပ်ကိုင်နေသည့် နိုင်ငံများကို ဝင်ရောက်ပြီး ကျားဖြန့်အရေး နှိမ်နင်းမည်ဟု ကြွေးကြော်မှုကြောင့် စစ်ကော်မရှင်က ကျားဖြန့်လုပ်ကိုင်သူများကို ဖမ်းဆီးပြ နေခြင်းသာ ဖြစ်သည်။

သျှမ်းပြည်အတွင်း လှုပ်ရှားနေသည့် ကျားဖြန့် အွန်လိုင်းလိမ်လည်မှုများသည် တရုတ်နိုင်ငံနှင့် ဆက်စပ်မှုများ ရှိသကဲ့သို့ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ ပါဝင်ပတ်သက်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း ပတ်သက်ဆက်နွှယ်နေကြောင်း ဒေသခံများက ပြောသည်။

March 25, 2026
“သံလွင် မြစ်ရေစီးသန်အားကြီးတယ် ဒို့သျှမ်းပြည်အလယ်…လွယ်လွယ်နဲ့ကူးဖြတ်နိုင်မယ်မထင်” ဆိုသည့် တေးဆို...
March 24, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး...
March 23, 2026
စိုင်းခွမ်မိန်း — လတ်တလော ရင်ဆိုင်နေရသည့် လေယာဉ်ဆီ အခက်အခဲများကြောင့် မြန်မာပြည်တဝှမ်း...
March 21, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့ပေါ်တွင် စုံ-မ စနစ်ဖြင့် ယာဉ်များကို စစ်ဆေးနေပြီး လိုင်စင်မဲ့...