မွန်မှာ စက်သုံးဆီ ကန့်သတ်ချက်ကြောင့် ကုန်ဈေးနှုန်း ထိုးတက်လာ

မွန်မှာ စက်သုံးဆီ ကန့်သတ်ချက်ကြောင့် ကုန်ဈေးနှုန်း ထိုးတက်လာ

မွန်ပြည်နယ်မှာ စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ကန့်သတ်ချက်အပါအဝင် လိုသလောက် ဝယ်ယူလို့မရတဲ့ အခက်အခဲကြောင့် အသားငါးနဲ့ဟင်းသီးဟင်းရွက်တွေကအစ ကုန်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတယ်လို့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီတွေဟာ စစ်ကော်မရှင်ရဲ့ စုံ၊ မ ယာဉ်စနစ် သတ်မှတ်ချက်ကြောင့် အလွယ်တကူ ဝယ်ယူလို့ မရတာ၊ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူရတာ၊ လိုသလောက် ဝယ်ယူလို့မရတာအပြင် စက်သုံးဆီဆိုင် အများစုမှာ မကြာခဏဆိုသလို ဆီ ပြတ်လပ်တာကြောင့် အခက်ကြုံနေကြတာပါ။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ စုံ၊ မ ယာဉ်စနစ် သတ်မှတ်ချက်ကြောင့် မော်တော်ယာဉ်တွေ အရင်လို ပုံမှန် သွားလာလို့ မရတဲ့ အတွက် ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်တဲ့ နေရာမှာ အခက်အခဲ ရှိတာအပြင် ကုန် ပစ္စည်း သယ်ဆောင်ခတွေ မြင့်တက်လာတာကြောင့် ကုန်ဈေးနှုန်းတွေလည်း ထပ်မံမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင်မ တစ်ဦးကတော့ စက်သုံးဆီ ဝယ်ယူရ အခက်အခဲကြောင့် ကုန်ပစ္စည်း တန်ဆာခတွေ မြင့်တက်လာတဲ့အတွက် အခြေခံ စားသောက်ကုန်ဖြစ်တဲ့ အသားငါးအပါအဝင် ဟင်းသီးဟင်းရွက်တွေကအစ ဈေးနှုန်းမြင့်တက်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆီကထည့်ရတာ ခက်တော့ တန်ဆာတွေက ဈေးတက်တယ်။တန်ဆာတွေက ဈေးတက်တော့ ကုန်တွေလည်း ဈေးတက် တာပေါ့။ဆီဈေးကြောင့် နည်းနည်း ဂိတ်တွေကလည်း များပြန်ဆိုတော့ ဂိတ်တွေမှာလည်း ပေးရ ကမ်းရတာနဲ့ အသားငါးလည်း တက်တယ်။ကြက်သားဆို ကျပ် ၂၀၀၀၀ ကနေ ၂၄၀၀၀ ဖြစ်သွားပြီ။ ဟင်းသီးဟင်းရွက်တွေရော အကုန်လုံး တက်တာ။အသီးတွေဆိုရင် ရွှေဖရုံသီးတို့ ခရမ်းသီးတို့ ပဲသီးတို့ အကုန်ဈေးတွေတက်တာ”လို့ ဆိုပါတယ်။

ကုန်ဈေးနှုန်း အခုလို မြင့်တက်လာတာဟာ စက်သုံးဆီ အခက်အခဲကြောင့် ဖြစ်တဲ့အပြင် မော်တော် ယာဉ် သွားလာမှုအပေါ် စုံ၊ မ ယာဉ်စနစ် သတ်မှတ်ချက်ကြောင့်လည်း ပါဝင်တဲ့အတွက် သက်ဆိုင်သူတွေအနေနဲ့ ပြန်လည် သုံးသပ်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။

အိမ်ရှင်မ နောက်တစ်ဦးကလည်း စက်သုံးဆီ အခက်အခဲကြောင့် ကုန်စိမ်းတွေ သတ်မှတ်ရက်အ တွင်း မရောက်တဲ့အတွက် ပုပ်ပြီးကောင်းတဲ့ဟာတွေကို ဈေးကြီးကြီး ပေးဝယ်စားရတာကြောင့် ကုန်ဈေးနှုန်းတွေ တက်လာတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆီဝယ်လို့မှ မရတာ။ အခက်အခဲတွေ ဖြစ်သွားတာ။ ဘာမှ ပစ္စည်းတွေ ဝယ်လို့မရ တစ်နေ့ကို အခု ကုန်စိမ်းဆိုလည်း ရောက်မယ့်ရက် မရောက်ဘူး။ ဆီအတွက် မရောက်တော့ နွမ်းတာ ပုပ်တာနဲ့ ဆိုတော့ ကျန်တာကောင်းတဲ့ ဟာလေးတွေကို ဈေးကြီးကြီး ပေးဝယ်စားရတာပေါ့။အကုန်တက် ပြီးပေါ့။ဒီနှစ်ရက်ကို ကုန်ဈေး တော်တော် တက်ပလိုက်တယ်”လို့ ဆိုပါတယ်။

တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံ မွန်ပြည်နယ် ရေနံထွက် ပစ္စည်း ကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနကတော့ စက်သုံးဆီ ခြိုးခြံ ချွေတာဖို့နဲ့ ဖူလုံမှုရှိဖို့ အတွက်ဆိုကာ ဆိုင်ကယ် တစ်စီးကို ကျပ် ၅၀၀၀ ဖိုး၊ သုံးဘီးနဲ့ အိုးဝေ တစ်စီးကို ကျပ်၁၀၀၀၀ ဖိုးသာ ရောင်းချဖို့ ညွှန်ကြားထားတာပါ။

ဒါ့အပြင် အိမ်စီးကား တစ်စီးကို ကျပ် ၃၀၀၀၀ ဖိုး၊ ခရီးသည်တင်ယာဉ်တွေ၊ Light Truckနဲ့ ကုန်ကားတွေကို ကျပ် တစ်သိန်းဖိုးနဲ့ ပရီမီယံ ဒီဇယ်ကားတွေကိုတော့ နံပါတ် အနီကို ကျပ် ၄၀၀၀၀ ဖိုး၊ နံပါတ်အနက်ကို ကျပ် ၃၀၀၀၀ ဖိုးသာ ရောင်းချ ခိုင်းထားတာ ဖြစ်ပါတယ်။

ကုန်ဈေးနှုန်းတွေဟာ စက်သုံးဆီ အခက်အခဲအပြင် စစ်ကော်မရှင်ရဲ့ မော်တော်ယာဉ်သွားလာမှုအ ပေါ် စုံ၊ မ ယာဉ်စနစ် သတ်မှတ်ချက်ကြောင့် အရင်လို နေ့စဉ် ကိုယ်ပိုင်ယာဉ်တွေနဲ့ ကုန်ပစ္စည်းတွေကို သယ်ယူလို့ မရတော့တဲ့ အတွက် မကုန်ကျသင့်တာ ကုန်ကျပြီး မတက်သင့်တဲ့ ဈေးနှုန်းတွေ တက်လာတာ ဖြစ်တယ်လို့ အိမ်ရှင်မတွေက ဝေဖန်ပါတယ်။

March 12, 2026
စက်သုံးဆီ အလုံအလောက် ရှိတယ်လို့ စစ်ကော်မရှင် ကြွေးကြော်ထားပေမယ့် မွန်ပြည်နယ်မှာ စက်သုံးဆီ...
March 11, 2026
ညောင်လေးပင် — အရပ်သားတွေကို ဦးတည်တဲ့ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ အခုနောက်ပိုင်း...
ဓာတ်ပုံ-MUP
March 10, 2026
စစ်ကော်မရှင်ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲရလဒ်အရ မွန်ညီညွတ်ရေးပါတီ MUP က...
March 9, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ခြိုးခြံ ချွေတာရေး အကြောင်းပြချက်နဲ့...