စစ်မှန်သည့် ဆွေးနွေးပွဲများ ပေါ်ပေါက်မှသာ ဆွေးနွေးမည်ဟု KIO ပြော

စစ်မှန်သည့် ဆွေးနွေးပွဲများ ပေါ်ပေါက်မှသာ ဆွေးနွေးမည်ဟု KIO ပြော
ဓါတ်ပုံ - AFP (ပုံဟောင်း)
ဓါတ်ပုံ - AFP (ပုံဟောင်း)

မြန်မာ့ပြည်တွင်းစစ်ကို အမှန်တကယ် အဆုံးသတ်နိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်လာမှသာ စစ်ကော်မရှင် နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က တရုတ်အစိုးရ၏ တိုက်တွန်းမှုကို တုံ့ပြန် လိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့်အဖွဲ့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာဝန်ရှိသူများ၏ တွေ့ဆုံပွဲတွင် တရုတ်ဘက်က စစ်ကော်မရှင်နှင့် နိုင်ငံရေးအရ ဆွေးနွေးရန် အကြံပြုခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိအခြေအနေတွင် စစ်ကော်မရှင်ဘက်က ပြည်တွင်းစစ်အဆုံးသတ်ရန် အားထုတ်မှု မရှိသဖြင့် ဆွေးနွေးရန် အဆင်မပြေသေးကြောင်း KIO ဘက်က တုံ့ပြန်ခဲ့သည်။

KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အခုလောလောဆယ် အချိန် ကာလမှာက တော့ စစ်ကော်မရှင်ဘက်ကနေ နိုင်ငံရေးဆွေးနွေး တကယ့်မြန်မာနိုင်ငံလုံးနဲ့ဆိုင်တဲ့ မြန်မာ့ပြည်တွင်းစစ် အဆုံး သတ်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကတော့ အခုချိန်မှာ စစ်ကော်မရှင်ဘက်ကနေ လုပ်မယ့်အလားအလာ ကျနော် တို့လည်း မတွေ့ဘူး။ သူတို့လည်း အဲဒါကို မပြောဘူး။ ဒါကြောင့် ကျနော်တို့လည်း ဆွေးနွေးဖို့ အဆင်မပြေတာ” ဟု ပြောသည်။

KIO ၏ သဘောထားနှင့် ပတ်သက်၍ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်ကလည်း ၎င်း၏ မိန့်ခွန်းတစ်ခုတွင် KIO အနေဖြင့် တစ်ဖွဲ့ချင်းစီ တွေ့ဆုံမှုကို လက်ခံမည်မဟုတ်ကြောင်းနှင့် စစ်ကော်မရှင်အနေဖြင့် အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) နှင့် စကားပြောလိုသည့် ဆန္ဒ ရှိ၊ မရှိကိုသာ နေပြည်တော်သို့ မေးမြန်းထားကြောင်း ထည့်သွင်းပြောဆိုထားသည်။

KIO/KIA ၏ သဘောထားကို ကချင်လွတ် လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ - ၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၌ ကျင်းပသည့် ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား ဗီဒီယို မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အနေအထားများအရ စစ်ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်သေးသော်လည်း နိုင်ငံရေးပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သည့် ဆွေးနွေးပွဲများအတွက် KIO/KIA အနေဖြင့် အသင့်ရှိကြောင်း တရုတ်ကိုယ် စားလှယ်များအား ပြောဆိုခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူကလည်း “တကယ်လို့ နိုင်ငံရေးအပြောင်းအလဲ ရှိနိုင်လောက်တဲ့ ဆွေးနွေးပွဲဆိုလို့ ရှိရင်တော့ ကျနော်တို့ တက်ဖို့ အဆင်သင့်ဖြစ်ပါတယ်” ဟု ပြောသည်။

တရုတ်အစိုးရက ငြိမ်းချမ်းရေးအတွက် တိုက်တွန်းနေသော်လည်း မြေပြင်တွင်မူ ကချင်ပြည် အတွင်းရှိ မြို့နယ် အများအပြား၌ စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် တိုက်ပွဲများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်နေဆဲဖြစ်သည်။

စစ်ရေးလေ့လာသူများကမူ စစ်ကော်မရှင်သည် စစ်ရေးအရ အထိနာနေချိန်တွင် တရုတ်ကို ကြားခံ အသုံးချ၍ ထွက်ပေါက်ရှာရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

March 11, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် ပြည်သူ ၃၀၀ ကျော်ကို PDF နှင့် KNLA...
March 10, 2026
ကရင်နီ (ကယား) ပြည်တွင် စက်သုံးဆီပြတ်လပ်မှု အကျပ်အတည်း ဆိုးရွားလာနေပြီး တစ်လီတာ ကျပ်တစ်သောင်းအထိ...
March 9, 2026
ချင်းမိုင်မြို့၊ ဟန်းဒေါင်းမြို့နယ်တွင် အသက် ၂၂ နှစ်အရွယ် စားပွဲထိုးအမျိုးသမီးငယ်တစ်ဦး...
March 6, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းရှိ စစ်သုံ့ပန်းမိသားစုဝင်များ ထိန်းသိမ်းရာစခန်းကို စစ်ကော်မရှင်က...