အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို သမားရိုးကျအဖြစ် ရှုမြင်နေကြပြီလား

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို သမားရိုးကျအဖြစ် ရှုမြင်နေကြပြီလား

ညောင်လေးပင် — အရပ်သားတွေကို ဦးတည်တဲ့ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ အခုနောက်ပိုင်း ပြည်တွင်းရှိ ဆိုရှယ်မီဒီယာသုံးစွဲသူတွေကြား ဆယ်လီတွေရဲ့ အရေးမပါ အရာမရောက်တဲ့ ကိစ္စတွေလောက် စိတ်ဝင်စားမှု မရှိကြပါဘူး။

မတ် ၇ ရက်နေ့က ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ရေတွင်းကုန်းကျေးရွာအုပ်စုမှာ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ သတ်ဖြတ်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၃၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ပါတယ်။

မတ် ၅ ရက်နေ့က စစ်တပ်ရဲ့ ခမရ ၂၀၊ ခလရ ၂၆၄ နဲ့ ခမရ ၄၃၉ တပ်ရင်းက ပူးပေါင်းစစ်ကြောင်းတွေဟာ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ အရပ်သား ၁၆၀ နီးပါးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ၇ ရက်နေ့မှာတော့ KNU နဲ့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်တပ်က ဒရုန်း၊ ဂျက်ဖိုက်တာလေယာဉ်တွေနဲ့ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ အရပ်သားပြည်သူ ၂၅ ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီလိုမျိုး အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်တွေ သတင်းတွေဟာ ဆိုရှယ်မီဒီယာသုံးစွဲသူတွေကြား စိတ်ဝင်စားမှု လူသားချင်းစာနာမှု ကိုယ်ချင်းစာမှုတွေကို ဖော်ပြတဲ့ မှတ်ချက်တွေ မျှဝေမှုတွေဟာ အလွန်နည်းပါးလာနေတာပါ။

မသန်စွမ်းတွေရဲ့ အသွင်ပုံစံကို ဟာသလုပ်ခဲ့တဲ့ အပြုအမူကြောင့် အောင်ဇမ္ဗူဇာတ်သဘင် တစ်နှစ် အပိတ်ခံရတဲ့ သတင်းလောက် ဂယက်မထခဲ့သလို အွန်လိုင်းဆယ်လီတွေနဲ့ အနုပညာအသိုင်းအဝိုင်းက အတင်းအဖျင်းတွေ တစ်ဘက်နဲ့ တစ်ဘက် ပုတ်ခတ်ပြောဆိုကြတဲ့ ကိစ္စတွေသာ ပြည်သူအများစုရဲ့ အာရုံထဲ ရောက်ရှိနေကြတာပါ။

ဒီအခြေအနေတွေကြောင့် စစ်တပ်အနေနဲ့ နိုင်ငံရေးအရ အကျိုးအမြတ်တွေ ရရှိနေသလို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ပြည်သူအများစုက သမားရိုးကျအဖြစ် သဘောထားပြီး ရှုမြင်နေကြပြီလားဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပြန်ပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ များလာတဲ့အတွက် ပြည်သူတွေဟာ ပဋိပက္ခတွေကို ထုံသွားသလို စစ်တပ်ကလည်း ဒီလို သတင်းတွေ လူပြောမများအောင် လုပ်နေတာလို့ ပြောပါတယ်။

“ပဋိပက္ခ ထုံသွားတာပေါ့နော်။ ဥပမာ အခုလိုမျိုး အစုလိုက်အပြုံလိုက် လူသတ်ဖြတ်ခံရတာ တခြား အရင်တုန်းကဆိုလည်း မြောက်ဦးဆေးရုံ ဗုံးကြဲခံရတာတို့ ပဇီကြီးမှာ ကလေးတွေ ဗုံးကြဲခံရလို့ သေတာတို့ ။ အဲဒီလိုဟာတွေက အဖြစ်များတော့ ထုံသွားတာပေါ့။ ဒါပေမယ့် ပြဿနာက နှစ်ခုရှိပါတယ်။ တစ်ခုကတော့ မြန်မာပြည်သူတွေနဲ့ အများရဲ့ စိတ်ဝင်စားမှုက ပဋိပက္ခ ထုံသွားတယ်လို့ ပြောရပါမယ်။ လူတွေ အစုလိုက်အပြုံလိုက် သေတယ်။ နောက်တစ်ခါ War Crime ပေါ့ဗျာ။ စစ်ရာဇဝတ်ပြစ်မှုတွေက ပုံမှန်ဖြစ်သွားတယ်ဆိုတာတော့ အဲဒါကို ပြည်သူတွေ သိပ်သတိမထားတော့ဘူးဆိုတာ အင်မတန် စိုးရိမ်ရတဲ့ အခြေအနေပါနော်။ ဒီလိုဟာကြီးက ဘာမှကို ဆေးမတိုးတော့ဘူးဆိုတဲ့ အခြေအနေရောက်သွားရင်တော့ အန္တရာယ်များပါတယ်။ နောက်တစ်ခုကလည်း စစ်တပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ အထူးသဖြင့်တော့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေမှာ အဲဒီလိုမျိုး သတင်းကြီးတွေကို မရအောင် ပိတ်ပါတယ်”လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ပြည်သူတွေရဲ့ အာရုံထဲ မရောက်အောင် ဆိုရှယ်မီဒီယာတွေမှာ မသိမသာ ပိတ်ဆို့ပြီး ဖျော်ဖြေရေးတွေနဲ့ အရေးမပါတဲ့ အကြောင်းအရာတွေဘက် ရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ သူက ထောက်ပြပါတယ်။

ISP-Myanmar ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်း အရပ်သား ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေမှာ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်စဉ် ၃၂ ခုထက်မနည်း ရှိခဲ့ပြီး အရပ်သား ၅၉၉ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

သေဆုံးမှုအမျိုးအစားထဲမှာတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာ၊ စစ်ကြောင်းဝင်ချိန် မီးရှို့တာနဲ့ သတ်ဖြတ်တာတွေအပြင် အခြားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်တာတွေလည်း ပါဝင်ပါတယ်။

ပြည်တွင်းနေ ပြည်သူအများစုဟာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေကို ဖမ်းဆီးထောင်ချခံရမှာစိုးလို့ ပေါ်တင် မဝေဖန်ရဲကြသလို ဒစ်ဂျစ်တယ်ဖိနှိပ်မှုတွေကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေလည်း ကန့်သတ်ခံထားရတာပါ။

တစ်ဘက်မှာ စစ်ကော်မရှင်ရဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် လူမှုစီးပွားအကျပ်အတည်းတွေကို ရင်ဆိုင်နေရပြီး လက်ရှိမှာလည်း အီရန်စစ်ပွဲကြောင့် ပြည်တွင်းမှာ စုံ/မ စနစ်နဲ့ ကား၊ဆိုင်ကယ် မောင်းနှင်တာ အပါအဝင် စက်သုံးဆီ ဝယ်ယူမှုတွေမှာ ပိုပြီး အခက်တွေ့လာနေကြပါတယ်။

ဒီအခြေအနေမှာ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအပေါ် စစ်အုပ်ချုပ်ရေးယန္တရားအောက်က ပြည်သူအများစုဟာ မသိကျိုးနွံပြုပြီး ကိုယ့်အကျိုးစီးပွားကို တိုက်ရိုက် ထိခိုက်လာနိုင်တဲ့ ကိစ္စတွေမှာပဲ အရေးတယူ တွေးပူနေကြတာပါ။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က လက်ရှိအခြေအနေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်သူတွေ အာရုံမစိုက်နိုင်အောင် စစ်အုပ်စုက လမ်းလွှဲလေ့ရှိသလို စနစ်တကျ လုပ်ဆောင်တတ်တယ်လို့ ပြောပါတယ်။

“ဒီကြားထဲမှာလည်း ဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာ တိုက်ဆိုင်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ ဥပမာဆို လူမှုစီးပွား၊ ယဉ်ကျေးမှုကိစ္စတွေ၊ စီးလူယဉ်လို့ ခေါ်တာပေါ့။ သူက စီးလူယဉ်ကို တလွဲသုံးလိုက်တာ။ ဆိုကြပါစို့ အတင်းအဖျင်းတွေ လူမှုရေးနဲ့ ပတ်သက်တာတွေ စီးပွားရေးနဲ့ ပတ်သက်တာတွေတို့ နောက်တခါ လူမျိုးချင်း ပဋိပက္ခဖြစ်အောင် ထိပ်တိုက်ဖြစ်နိုင်တဲ့ သတင်းအမှားတွေ ထုတ်လွှင့်ပြီးတော့ ပြည်သူတွေကြားမှာ ပိုပြီး ဂယက်ထအောင် နိုင်ငံရေးအခင်းအကျင်းပေါ်မှာ လက်ရှိ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကိုပါ အာရုံမစိုက်နိုင်အောင် လမ်းလွှဲလေ့ရှိတဲ့ ကိစ္စတွေကို တောက်လျှောက်လုပ်လေ့ရှိပါတယ်။ စနစ်တကျကိုလည်း လုပ်တတ်တဲ့ စစ်အုပ်စုတွေ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းဖြစ်တဲ့ အရှေ့အလယ်ပိုင်းဒေသက အီရန်နဲ့ အစ္စရေး - အမေရိကန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မြန်မာနိုင်ငံအပေါ် စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုနဲ့ ပြတ်တောက်နိုင်မယ့် သက်ရောက်မှုတွေလည်း ရှိနေတာပါ။

ဒါ့အပြင် ဒေသတွင်းမတည်ငြိမ်မှုကြောင့် စားဝတ်နေရေးနဲ့ စီးပွားရေးကိစ္စတွေ အပါအဝင် ဆိုရှယ်မီဒီယာတွေပေါ်က ဂယက်တွေဟာ လက်ရှိ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တစ်စုံတစ်ရာ ဖုံးကွယ်စေတာ ရှိတတ်တယ်လို့ နိုင်အဲမွန်က ထောက်ပြပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်စနစ် ဆန့်ကျင်သူတွေကို ဖမ်းဆီး၊ ချုပ်နှောင်တာနဲ့ နှိပ်ကွပ်တာတွေကို နည်းမျိုးစုံနဲ့ ပြုလုပ်လာတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ စောင့်ကြည့်စနစ်တွေကိုပါ မြှင့်တင်ထားတာမို့ ပြည်သူတွေအတွက် လမ်းပေါ်ထွက်ရေး ဒါမှမဟုတ် အွန်လိုင်းမှာ ပုံစံတကျ လှုပ်ရှားရေးဟာ အသက်အန္တရာယ်နဲ့ လုံခြုံရေးအရ အလွန်အမင်း ခက်ခဲလာခဲ့တယ်လို့ မတ် ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-MUP
March 10, 2026
စစ်ကော်မရှင်ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲရလဒ်အရ မွန်ညီညွတ်ရေးပါတီ MUP က...
March 9, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ခြိုးခြံ ချွေတာရေး အကြောင်းပြချက်နဲ့...
March 6, 2026
အရှေ့အလယ်ပိုင်း‌ဒေသမှာ ဖြစ်ပွားနေတဲ့ အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ပွဲကြောင့်...
March 5, 2026
တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ...