မြောက်ဦးမြို့ရှိ ရှေးဟောင်း လက်ဆည်ကန်နှင့် အနူမကန်ကို ULA ထိန်းသိမ်းရေးဆောင်ရွက်နေ

မြောက်ဦးမြို့ရှိ ရှေးဟောင်း လက်ဆည်ကန်နှင့် အနူမကန်ကို ULA ထိန်းသိမ်းရေးဆောင်ရွက်နေ

သိန်းဇော်(မောင်တော) — ရခိုင်ပြည် ရှေးဟောင်းသမိုင်းဝင်မြို့‌တော်တခုဖြစ်သည့် မြောက်ဦးမြို့ရှိ လက်ဆည်ကန်နှင့် အနူမကန်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ရှေ့ဟောင်းသုတေသနဌာနက ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ဆည်ကန်နှင့် အနူမကန်ကို လက်ရှိတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဦးဆောင်ပြီး ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းမှာ ဟုတ်မှန်ကြောင်း မြောက်ဦးမြို့ခံတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

"ဒီရှေဟောင်းအမွေအနှစ် သမိုင်းဝင်ရေကန်တွေဖြစ်တဲ့အတွက် ကျနော်တို့မှာ ထိန်းသိမ်းပေးဖို့လိုအပ်တယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး လုပ်နေတာတော့ ကောင်းတယ်"ဟု ပြောသည်။

ရှေ့ဟောင်း‌ကျုံးကြီးများဖြစ်သည့် အဆိုပါ လက်ဆည်ကန်နှင့် အနူမကန်မှ ရေများကို မြို့သူမြို့သားများက သောက်သုံးရေအဖြစ် အသုံးပြုနေကြသည်။

ထို့ကြောင့် ထိုကန်များအတွင်း ရေမချိုးရ၊ အဝတ်မလျှော်ရ၊ ရေမကစားရ၊ အမိုက်နဲ့ အညစ်အကြေးများ (လုံးဝ) စွန့်မပစ်ရ၊ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်နှင့် မည်သည့် တိရစ္ဆာန်မှ ဝင်ခွင့် (လုံးဝ) ခွင့်မပြုဟု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အဆိုပါကန်များနံဘေးတွင် သတိပေးတားမြစ် ဆိုင်းဘိုးများထောင်ထားသည်ကို တွေ့ရသည်။

ယင်းအပြင် ထိုကန်ဧရိယာအတွင်း တောင်ပေါ်၊ တောင်အောက်၊ တောင်ဂျိုင်များတွင် အိမ်သာများ (လုံးဝ) မဆောက်လုပ်ကြရန်နှင့် ထိုကိစ္စရပ်များကို တခုခုဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု သတိပေးတားမြစ်ထားသည်။

ရေကန်ထိန်းသိမ်းရေး ကနဦးအစီစဉ်မှာ ကန်သန့်ရှင်းရေးကို ဦးစားပေး ဆောင်ရွက်နေခြင်းဖြစ်ပြီး တခြားတဘက်တွင် ထိုကန်ရေကို အမှီပြု၍ ပန်းစိုက်သူများ၊ ကွမ်းစိုက်သူများနှင့် တခြားသီးနှံခင်းများစိုက်ပျိုးကြသူများအပြင် ဘဝရပ်တည်ရေး နှစ်ရှည်အပင်စိုက်ကြသူများလည်းရှိ‌နေကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

ထိုစိုက်ခင်းများက ဓာတုပစ္စည်းများပါသည့် ဆေးရည်များမှာ ကန်ထဲသို့ စီးကျလာမှုများ‌ရှိနေသလို အညစ်အကြေးများလည်း ကျရောက်မှုရှိနေကြောင်း ဆိုကြသည်။

သောက်‌သုံးရေအဖြစ် အများပြည်သူအသုံးပြုနေသည့် လက်ဆည်ကန်နှင့် အနူမကန်အနီးဝန်းကျင်တွင် ဘုန်းတော်ကြီးကျောင်းများရှိနေခြင်းမှာလည်း မသင့်တော်ကြောင်း မှတ်ချက်ပြုသူများလည်း ရှိနေသည်ကို တွေ့ရသည်။

အများပြည်သူကောင်းကျိုးနှင့် ရှေ့ဟောင်းသမိုင်းဝင် ကန်များကို ထိန်းသိမ်းခြင်းက ကောင်းမွန်သည့် လုပ်ရပ်ဖြစ်သော်လည်း ထိန်းသိမ်းရေး လုပ်ငန်းစဉ်အတွင်း နစ်နာမှုရှိသူများကိုလည်း ငဲ့ညှာသင့်ကြောင်း အထက်ပါမြို့ခံက ထောက်ပြသည်။

သူက "တဖက်မှာလည်း အဲဒါကိုအမှီပြုပြီးတော့ ဆယ်စုနှစ် တစ်ခု၊ နှစ်ခု၊ သုံးခုဆိုသလို ဘဝရပ်တည်လာခဲ့သူတွေလည်းရှိတယ်။ အစိုးရတရပ်အနေနဲ့ ပြည်သူတွေအတွက် တန်ဖိုးရှိတဲ့ ဒီကိစ္စကို အကောင်ထည်ဖော်တဲ့နေရာမှာ တဖက်မှာလည်း ထိခိုက်နစ်နာသွားမယ့်သူတွေအတွက် ပြန်ပြီးတော့ ငဲ့ညှာပေးသင့်တဲ့ ကဏ္ဍတွေလည်းရှိတယ်"ဟု ပြောသည်။

ရှေ့ဟောင်းကျုံးကြီးဖြစ်သည့် အနူမကန်နှင့် လက်ဆည်ကန်တို့ကို ဆက်သွယ်ထားသည့် တံတိုင်းကြီးနှစ်ခုကြားက ရေပြင်ကို သီးခြားဖြစ်အောင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဆည်ဖို့ထားခဲ့ကြဟု သိရသည်။

မြောက်ဦးမြို့ကို စစ်ကော်မရှင်ထိန်းချုပ်ခဲ့စဉ်က ရှေးဟောင်းကန်၊ ကျုံးများကို ပြန်လည်တူးဖော်မှုများမရှိခဲ့သဖြင့် နှုံးနှင့် ဒိုက်များဖြင့်ပြည့်နှက်ကာ ကန်ကောလာသလို တချို့ရေကန်များမှာ ရေအရောင်ပြောင်းလဲပြီးသုံစွဲးရန် ခက်ခဲလာသည်ဟု သိရသည်။

ယင်းအပြင် ယခင်အစိုးရအဆက်ဆက်က ရေပေးဝေရေး စီမံကိန်းများကို စနစ်တကျ ရေးဆွဲပြီး ဖြေရှင်းပေးခြင်းမရှိခဲ့သဖြင့် နှစ်စဉ်နွေရာသီရောက်တိုင်း မြောက်ဦးမြို့တွင် ရေရှားပါးမှုနှင့်ကြုံတွေ့ခဲ့ကြရသည်။

ယင်းသို့ အခက်အခဲများဖြင့်ကြုံခဲ့ရသည့်အတွက် လက်ရှိတွင် လက်ဆည်ကန်နှင့် အနူမကန်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ရှေ့ဟောင်းသုတေသနဌာနက ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ဆည်ကန်ကို မြောက်ဦးခေတ် အေဒီ ၁၄၃၀ - ၁၇၈၄ခုနှစ်က ရန်သူများအလွယ်တကူမြို့တွင်းသို့ မဝင်ရောက်နိုင်အောင် ရေကျုံးအဖြစ် ကာရံထားသည့် တဖက်ဆည်ကန်ဖြစ်သည်။

ရေကျုံး၊ နွံကျုံး၊ ကျုံးခြောက်၊ ရေနှုတ်မြောင်း၊ ရေတံခါးစသည်များနှင့် မြို့တွင်း ပတ်လည်စီးဆင်းနေသည့် ချောင်းများကို စစ်ရေးအရလိုအပ်သည့် အချိန်တွင် အသုံးချနိုင်အောင် ဆောင်ရွက်ထားသည့် စီမံမှုမျိုးလည်းရှိကြောင်း သမိုင်းအထောက်အထားများရ သိရသည်။

မြောက်ဦးမြို့ဟောင်းသည် ရခိုင်ပြည်၏ ထူးခြားသည့် တစ်ခုတည်းသော ယဉ်ကျေးမှု အခင်းအကျင်းများ တည်ရှိရာမြို့တစ်မြို့ဖြစ်သလို ရခိုင်မင်းဆက်များ နောက်ဆုံးထီးနန်းစိုက်ခဲ့ရာ ရှေးဟောင်း မြို့တော်တစ်ခုလည်းဖြစ်သည်။

ဘာသာရေး အဆောက်အအုံများဖြစ်သည့် ဘုရား၊ ပုထိုး၊ သိမ်၊ ကျောင်းများ၊ စစ်ရေးဆိုင်ရာအဆောက်အအုံများဖြစ်သည့် မြို့ရိုး၊ တံတိုင်း၊ ခံတပ်၊ ကျုံးများလည်း ယခုထိ အထင်အရှားရှိနေသလို ယဉ်ကျေးမှုဆိုင်ရာ ဗိသုကာလက်ရာတိုးတက်ခဲ့မှုများကိုလည်း လက်ရှိအချိန်ထိ မြင်တွေ့နေရဆဲဖြစ်သည်။

စစ်တွေမြို့တွင် ဟန်ရေးပြနေသည့် အကြမ်းဖက်စစ်ကားတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
June 17, 2026
နှင်းနွယ်နီ - စစ်အုပ်စုထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် ယမန်နေ့ညက...
ဓာတ်ပုံ - ပေးပို့
June 16, 2026
ပိုးဝါ — ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် စက်လှေတိမ်းမှောက်၍ အမျိုးသမီးငါးဦးအပါအဝင်...
June 15, 2026
အာဏာသိမ်းစစ်တပ်ခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးနိုင်ဦးလက်ထက်တွင် ယူနီဖောင်း ဝတ်ထားသူများက...
June 13, 2026
သံတွဲခရိုင်၊ ငပလီမြို့အနီးပတ်ဝန်းကျင်တွင် မြေစျေးအပါအဝင် အိမ်ခြေစျေးများ အဆမတန် ကျလာသဖြင့်...