တောင်ပိုင်းဒေသများတွင် ဆီပြတ်လုနီးပါး ရင်ဆိုင်နေရ

တောင်ပိုင်းဒေသများတွင် ဆီပြတ်လုနီးပါး ရင်ဆိုင်နေရ
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။

စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄ ရက်တွင် ထုတ်ဖော်ပြောဆိုထားသော်လည်း မြန်မာပြည်အောက်ပိုင်း မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များတွင် စက်သုံးဆီ ပြတ်လုနီးပါးနှင့်အတူ အလူးအလဲ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

မော်လမြိုင်၊ ဘားအံ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ကော့သောင်း၊ မြိတ်နှင့် ထားဝယ်မြို့တို့အပါအဝင် အဓိကမြို့ကြီးများတွင် စက်သုံးဆီဆိုင်များ၌ ဆီဖြည့်ရန်အတွက် ယာဉ်အစီးရေရာချီ တန်းစီစောင့်ဆိုင်းနေရကြောင်း ဆိုသည်။

“ဆိုင်ကယ်ဆီဖြည့်ဖို့ တန်းစီတာ ကိုယ့်ရှေ့မှာ အစီး ၃၀ လောက်ရှိတယ်။ ပြောတာတော့ ဆိပ်ကမ်းမှာ သင်္ဘောမကပ်လို့ ဆီပြတ်နေတာတဲ့ GOC ကုမ္ပဏီလှောင်ကန်တွေရှိတယ်လေ ဆိပ်ကမ်းမှာ။ တချို့ဆိုင်တွေက အရောင်းကို ပိတ်ထားတယ်။ ဆီမရှိတော့ဘူး။ ဆီပြတ်နေပြီလို့ပဲ ပြောတော့တာ” ဟု မော်လမြိုင်ဒေသခံ လူငယ်တဦးက မဇ္ဈိမသို့ ပြောသည်။

ထိုင်းနိုင်ငံဘက်မှတဆင့် စက်သုံးဆီကို မှီခိုအားထားနေရသော နယ်စပ်မြို့များတွင်လည်း အခြေအနေမှာ ပိုမိုဆိုးရွားလာနေသည်။

ထိုင်းနိုင်ငံ၊ ရနှောင်းဘက်တွင်လည်း ဆီရရှိရန် ခက်ခဲလာခြင်းကြောင့် ကော့သောင်းမြို့ရှိ ဆီဆိုင်များ ပိတ်သိမ်းမှုများ ရှိလာကာ ရေလုပ်ငန်းလုပ်ကိုင်သူများမှာ လုပ်ငန်းရပ်တန့်ရမည့် အခြေအနေကို စိုးရိမ်နေကြသည်ဟု ရေလမ်းခရီးသွားလုပ်ငန်း လုပ်ကိုင်သူတဦးက မဇ္ဈိမသို့ ပြောသည်။

“ခုလက်ရှိ ခြေနေဆိုးတာ ကော့သောင်းမြို့ပါ။ ရနှောင်းမှာလည်း ဆီပြတ်၊ ကော့သောင်းဆီဆိုင်တွေ ပိတ်လိုက်တော့ ငါးဖမ်းလှေတွေပါ ပြဿနာရှိနိုင်တယ်။ မနက်ဖြန်အတွက်တော့ ရင်လေးစရာပါ ” ဟု တနင်္သာရီတိုင်းမှ ရေလမ်းခရီးသွားလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။

မြို့ပေါ်ဒေသများသာမက ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ လှုပ်ရှားရာဒေသများတွင်လည်း စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးနှုန်းအဆမတန် မြင့်တက်မှုများကို ကြုံတွေ့နေရသည်။

ထိုဒေသများတွင် ဓာတ်ဆီ 92 တလီတာလျှင် ကျပ် ၁၀,၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။

KNU တပ်မဟာ (၁) တပ်ရင်း (၃) ရှိ PDF တာဝန်ရှိသူတဦးက “ဝယ်လို့ရနေသေးရင်တော့ ပြဿနာမရှိဘူး။ အခုက ဝယ်လို့မရတော့အောင် ဖြစ်နေတာ” ဟု ဆိုသည်။

စစ်ကော်မရှင်အနေဖြင့် လောင်စာဆီ သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲရှိနေကြောင်း မတ်လ ၃ ရက်ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး၊ လာမည့် မတ်လ ၇ ရက်မှစ၍ ပုဂ္ဂလိကယာဉ်များကို ‘စုံ/မ’ စနစ်ဖြင့် အလှည့်ကျမောင်းနှင်ရန် ကန့်သတ်ချက်များ ထုတ်ပြန်ထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...