သဉ္ဇာနွယ် — အာရက္ခတပ်တော် ( AA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲများမှာ ဓညဝတီရေတပ်ဌာနချုပ်အနားထိရောက်ရှိလာပြီး AA က ပစ်ခတ်သော ဒရုန်း၊ လက်နက်ကြီးကျည်များမှာ စခန်းထဲထိ ကျရောက် ပေါက်ကွဲမှုများ ရှိလာသဖြင့် စခန်းရှေ့သို့ ထွက်ကာ ကာကင်းစခန်းများကို တိုးချဲ့ တည်ဆောက်နေသည်ဟု သတင်းရရှိသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက " သစ်ပုတ်တောင်နဲ့ တစ်မိုင်လောက်ဝေးတဲ့ နေရာတွေမှာ အခိုင်အမာစခန်းချနေကြတယ်။ လက်ရှိတော့ စိုင်ခြုံရွာမှာ အင်အား ၂၀၀ လောက်တပ်စွဲထားပြီးကာကင်းလုပ်ထားတယ်။ အဲဒီနားအနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ ရေတပ်ဌာနချုပ်က မကြာခဏ လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ဘာအပစ်ခံရလို့ပျက်စီးမှုတွေများတယ်။ သေဆုံးမှုလည်းရှိတယ်" ဟုနိရဉ္စရာကို ပြောသည်။
လက်ရှိတွင် ဓည၀တီအနီးရှိ စိုင်ခြုံကျေးရွာ ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေကာ အင်အား ၂၀၀ ခန့်ရှိသော စစ်ကြောင်း တစ်ကြောင်းသည် စိုင်ခြုံရွာတွင် တပ်စွဲကာ အနီးအနားရှိ ကျေးရွာများကို မီးရှို့မှုများပြုလုပ်နေသည်ဟု သိရသည်။
“ရေတပ်ဌာနချုပ်ကနေ ကင်းလှည့်စစ်ကြောင်းတွေကတော့ အမြဲတမ်းထွက်တယ်။ စစ်ကြောင်းတွေကလည်း ရွာတွေကိုမီးတိုက်တာမျိုးလုပ်တယ်။ ဟိုတလောကဆိုရင် ဒိုးမတောင်ဖက်ကလာတဲ့စစ်ကြောင်းကရေတပ်ဌာနချုပ်နဲ့နီးတဲ့ စိုင်ခြုံရွာမှာအရင်နေပြီး အဲ့ဒီကနေပြီး စိုင်ခြုံဒွိန်ရွာကိုသွားပြီးမီးရှို့တယ်။ ပြီးရင်စိုင်ခြုံမှာတပ်စွဲတယ်" ဟု ပြောသည်။
ထိုသို့ မီးရှို့လိုက်သဖြင့် ဘုန်းကြီးကျောင်းမှာလုံးဝပြာကျသွားခဲ့သည်ဟု ဆိုသည်။
“ ဘုန်းကြီးကျောင်းကို အဓိက ရှို့ တာ။ အိမ်ခြေအဲ့လောက်များတဲ့ရွာမဟုတ်ဘူး။ အိမ်ခြေ ၁၀၀ နီးပါးသာရှိမယ်။ ပြာမကျတဲ့အိမ်တချို့တော့ ရှိသေးတယ်။ တချို့အိမ်တွေတော့ အကုန်လုံးနီးပါးပြာကျသွားပြီ။ ပြီးတော့ ဒီရွာက မြို့နဲ့ချောင်းပဲခြားတယ်။ လက်ပစ် ကူးရင်တောင်ရောက်တယ်။ ဒီရွာက မြို့ကိုဝင်တိုက်ဖို့ဆိုရင် အရေးပါတဲ့ရွာဖြစ်တယ်" ဟု ပြောသည်။
စစ်ကော်မရှင်မီးရှို့ခဲ့သည့် စိုင်ခြုံဒွိန်မှာ ကျောက်ဖြူမြို့နှင့်မိုင်အနည်းငယ်ခန့်သာဝေးပြီး AA ဝင်တိုက်မည်ကိုစိုးရိမ်ပြီး ရွာကိုကွင်းပြင်ဖြစ်အောင်တမင်မီးရှို့လိုက်ခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
စိုင်ခြုံဒွိန်ကျေးရွာသားများမှာ ထွက်ပြေးပြီးနောက် ကျန်နေသည့် ပစ္စည်းတချို့ပြန်လာယူစဉ် သေနတ်ဖြင့် လှမ်းပစ်မှုများရှိသည်ဟု ၎င်းအမျိုးသမီးက ပြောသည်။
" ရွာကထွက်သွားတဲ့သူတွေကိုလည်းဝင်ခွင့်မပေးဘူး။ အဲ့ဒီရွာဖက်ကို ဘယ်သူမှမဝင်ရဘူး။ ပစ္စည်းသွားယူတာတောင်သေနတ်နဲ့လှမ်းပစ်တာမျိုးရှိတယ်။ ဝင်ခွင့်မပေးဘူး။ အိမ်မှာ ကျန်တဲ့ပစ္စည်းတွေကို စစ်တပ်ကအကုန်သိမ်းထားတယ်။ နွားတွေ၊ ဝက်တွေက အစ အကုန် သိမ်းယူသွားတယ်" ဟု ပြောသည်။
စစ်ကော်မရှင်ဖက်မှအထိနာကျဆုံးမှုများသည့်အတွက် အရပ်သားနေထိုင်ရာကျေးရွာများကို ဒရုန်း၊ နေဗီများဖြင့် မကြာခဏပစ်ခတ်လျက်ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုများလာနေကြောင်း သိရသည်။
စစ်ကော်မရှင်တပ်အနေဖြင့် AA ထိုးစစ်ဆင်တိုက်ခိုက်လာပါ ခုခံရန် ကာကင်းစခန်းများ တည်ဆောက် နေသော်လည်း တကယ်တန်းတိုက်ပွဲအပြင်းအထန်ဖြစ်ပွားလာပါ ခုခံနိုင်ရန် အနေအထားမရှိဟု စစ်ရေးရင်းမြစ်တစ်ခုက သုံးသပ်ပြောဆိုသည်။
“ သူတို့စစ်တပ်ရဲ့ သဘောက အေအေကို အရင် ကာကင်းစခန်းတွေကနေ ကာကွယ်တာ။ မနိုင်မှ တပ်ရင်းဌာနချုပ်တွေကို နောက်ဆုတ်ပြီး ခုခံကာကွယ်တာ။ အမ်းတိုက်ပွဲတုန်းကလည်း ဒီသဘောတရားဘဲ။ တောဟိန်းတောင်လိုမျိုး အခိုင်အမာကာကင်းစခန်းတွေ တည်ဆောက်ပြီး ခုခံတာ။ ကာကင်းတွေ စခန်းတွေကို လက်လွှတ်ရပြီးနောက် အမ်းတစ်ခုလုံး အေအေလက်ထဲကို ကျသွားတာ။ အခုလည်း တကယ် ပြင်းပြင်းထန်ထန်ဖြစ်လာရင် အေအေထိုးစစ်ကို ကာနိုင်မယ်လို့တော့ မထင်ဘူး”ဟု ပြောဆိုသည်။
လက်ရှိတွင် ဓည၀တီရေတပ်စခန်းအနီးတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး AA က ဓည၀တီရေတပ်စခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသော်လည်း ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး မရှိသေးဟု ၎င်းက ပြောကြားသည်။







