လက်နက်ကိုင်ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၄)ဦး ရုပ်အလောင်း ပြန်တွေ့

လက်နက်ကိုင်ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၄)ဦး ရုပ်အလောင်း ပြန်တွေ့

အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားသည့် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ (၄)ဉီး၏ ရုပ်အလောင်းကို ဖေဖော်ဝါရီ (၉)ရက် ညပိုင်းတွင် ပြန်တွေ့ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ရုပ်အလောင်း (၄)လောင်းကို ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ မြောက်ဘက် တောစပ်တစ်နေရာတွင် ဖေဖော်ဝါရီ (၉)ရက်တွင် ပြန်တွေ့ရှိကြောင်း ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရွာမြောက်ဘက် တောစပ်မှာ တွေ့တာ၊ အခုလို ဖမ်းပြီး အကြောင်းရင်းလည်း မသိဘဲ သတ်တာက တော်တော်ဆိုးတယ်၊ ခန္ဓာကိုယ်မှာ ဓားဒဏ်ရာတွေကော တွေ့တာတဲ့၊ နိုင်ငံရေးလုပ်လို့ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ ဖမ်းပြီး အငြိုးနဲ့များ သတ်လိုက်တာလား မသိဘူး၊ လက်နက်ကိုင်ပြီး လုပ်ချင်တာလုပ်နေကြတာ။”ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

အသတ်ခံသည့် ဒေသခံ (၄)ဉီးသည် လယ်ကိုင်းကျေးရွာ မှ အသက် ၅၄ အရွယ်ရှိ ဦးစံရွှေမြင့်၊ အသက် ၄၃ နှစ်အရွယ်ရှိ ဦးကျော်မိုးသူ၊ အသက် ၄၄ နှစ် အရွယ်ရှိ မဝေဆုလှိုင်နှင့် အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ထိုအသတ်ခံရသည့်သူများကို ပြီးခဲ့သည့် ဇန်နဝါရီ နောက်ဆုံးပတ် ည ၁၀ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့က အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

အဆိုပါ အမည်မသိ လက်နက်ကိုင်သည် PDF ဖြစ်နိုင်သကဲ့သို့ စစ်ကော်မရှင် လက်အောက်ခံ ပျူစောထီးများလည်း ဖြစ်နိုင်ကြောင်း ရွာငံဒေသခံများက ပြောသည်။

ရွာငံမြို့နယ်အတွင်း အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ မကြာခဏ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေမှုကြောင့် ဒေသခံများ စိုးရိမ်ပူပန်နေရကြောင်း ရွာငံမြို့ ဒေသခံ အမျိုးသမီးတစ်ဉီး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကိုင်ဆိုရင် အကုန်ကြောက်စရာလို့ပဲ မြင်တော့တယ်၊ အခုလို မကျေနပ်ရင် ဖမ်းသတ် လုပ်တာက တော်တော်ကြောက်ဖို့ကောင်းတယ်၊ ကျမတို့ ပြည်သူတွေပဲ။ လက်နက်ကိုင်အဖွဲ့တွေကြားမှာ ဟိုကြောက် ဒီကြောက်နဲ့ ရှင်သန်နေရတာ မလွယ်ဘူး၊ မနက်ဖြန် ဘာဖြစ်မလဲတောင် မသေချာဘူး။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။

လက်ရှိ ရွာငံမြို့နယ်တွင် ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေးတပ် (DSNDA)၊ ဓနုပြည်သူ့ လွတ်မြောက်‌ရေး တပ်တော် (DPLA) ၊ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပျူစောထီးများ၊ ပအိုဝ်းပြည်သူ့စစ် (PNO) တပ် စသည်တို့က နယ်မြေစိုးမိုးထားသည်။

ယမန်နှစ် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၁) ရက် နံနက်ပိုင်းတွင်လည်း တောင်ကြီး-ရွာငံလမ်းပိုင်း တစ်နေရာ၌ ထွေအုပ်ဝန်ထမ်း (၃)ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မည်သည့်အဖွဲ့မှ ခေါ်ဆောင်သွားသည်ကို ယနေ့အထိ ထုတ်ပြန်ချက် တစုံတရာ ထုတ်ပြန်လာခြင်း မရှိသေးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

Most read this week

September 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့်...
မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...