မောင်ခက်နွေ — မြန်မာ့နွေဦးတော်လှန်ရေး အရှိန်အဟုန်မြှင့်တင်ရန်နှင့် အောင်ပွဲရရှိရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့ (K3C) တို့အကြား စုပေါင်းဦးဆောင်မှု တခု ပေါ်ပေါက်လာရေး အလေးအနက် ဆွေးနွေးလျက်ရှိကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။
အဆိုပါ စုပေါင်းဦးဆောင်မှု အခင်းအကျင်းသစ်အတွက် NUG နှင့်အတူ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်သည့် ငါး ဖွဲ့အကြား ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အွန်လိုင်းအစည်းအဝေးပြုလုပ်၍ ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်တွင် ပြုလုပ်သည့် (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား၌ KIO ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ဤဆွေးနွေးမှုကို စတင်ထုတ်ဖော်ပြောကြားခဲ့သည်။
၎င်းက လက်ရှိတွင် Steering Council ဟု လူသိများနေသည့် စုပေါင်းဦးဆောင်မှုယန္တရားမှာ မျှော်မှန်းချက်အဆင့်သာရှိသေးပြီး အတည်ပြုနိုင်ရန် ဆက်လက်ဆွေးနွေးနေဆဲဖြစ်ကြောင်း ရှင်းလင်းထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ယနေ့ (ဖေဖော်ဝါရီ ၁၀) တွင် အဆိုပါ ဆွေးနွေးမှုများရှိနေကြောင်း မဇ္ဈိမကို အတည်ပြုခဲ့ပြီး၊ ၎င်းမှာ ပြည်သူလူထု၏ လိုလားချက်ဖြစ်သလို တော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်လည်း ဖြစ်သည်ဟု လည်း ဆိုသည်။
"အခုဆိုရင်လည်း ကျွန်တော်တို့ ဦးဆောင်မှု အဖွဲ့အစည်းတခုကို ဖွဲ့စည်းဖို့ဆိုတာလည်းပဲ ဆွေးနွေးနေတာရှိပါတယ်။ ဒီဟာကတော့ ဘယ်လိုတွေဆွေးနွေးနေတယ်။ ဘာတွေ၊ ဘယ်လောက်အခြေအနေရောက်နေတယ်ဆိုတာ ဒီကိစ္စတွေက လက်ရှိဆွေးနွေးနေဆဲဖြစ်တာကြောင့် ဒါတွေကို သင့်လျော်သည့် အချိန်ကျရင် ထုတ်ပြန်ပါလိမ့်မယ်။ အခုလောလောဆယ် အဲ့ ကိစ္စတွေက အများကြီးပြောလို့မရပါဘူးဗျ”ဟု ဦးနေဘုန်းလတ်က မဇ္ဈိမကို ဖြေကြားသည်။
NUG နှင့် K3C အဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် "ဘုံသဘောထားရပ်တည်ချက်" ကို ထုတ်ပြန်ခဲ့ကြပြီးဖြစ်ကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် အဓိကရည်မှန်းချက်များကို ကိုင်စွဲထားကြသည်။
ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကမူ ၂၀၂၆ ခုနှစ်သည် အပြောင်းအလဲကြီးမားမည့် နှစ် ဖြစ်လာနိုင်ကြောင်းနှင့် KIA အနေဖြင့် ၎င်းတို့၏ စစ်ရေးရည်မှန်းချက် များကို ဆက်လက်အကောင်အထည် ဖော်နေကြောင်း အသိပေးထားသည်။
ယခုကဲ့သို့ စုပေါင်းဦးဆောင်မှု အခင်းအကျင်းသစ် ပေါ်ပေါက်လာပါက တော်လှန်ရေးအင်အားစုများအကြား ဟန်ချက်ညီသည့် ဦးဆောင်မှုနှင့် စစ်ရေး၊ နိုင်ငံရေး အရှိန်အဟုန် ပိုမိုအားကောင်းလာဖွယ်ရှိနေသည်။
ဓာတ်ပုံ - NUGဝန်ကြီးဒေါက်တာဇော်ဝေစိုးနဲ့KIO/ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်တို့ ၂၀၂၅ ခုနစ် ဇူလိုင်လက တွေ့ဆုံခဲ့စဉ်။( Zaw Wai Soe )







