ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့ ကချင်ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်နေတဲ့ မျှော်လင့်ချက်တွေ အမြန်ဆုံးပြည့်ဝပါစေလို့ ညီနောင်သုံးဖွဲ့က ဒီကနေ့ဆုတောင်း သဝဏ်လွှာပို့လိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ကို ညီနောင်သုံးဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA) ၊ ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော် (TNLA) တို့က သဝဏ်လွှာပေးပို့တဲ့အချိန် အဲဒီလို ဆုတောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် တော်လှန်ရေးအစကနေ ဒီနေ့ တော်လှန်ရေးကာလ ၆၅ နှစ်အတွင်း အသက်၊ ဘဝ၊ ခန္ဓာ ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ ကချင့်အာဇာနည်တွေနဲ့ သူရဲကောင်းအပေါင်းကိုလည်း ဦးညွှတ်အလေးပြုတယ်လို့ ညီနောင် ၃ ဖွဲ့က ဆိုပါတယ်။
ညီနောင် ၃ ဖွဲ့ဟာ ဒီနေ့ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့ကို ကချင်လူမျိုး၊ ကချင်အဖွဲ့အစည်းတွေနဲ့ အတူ ကြိုဆိုတယ်လို့လည်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။
ညီနောင် ၃ ဖွဲ့လိုပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကချင်တော်လှန်ရေးနေ့ကို ကချင်တမျိုးသားလုံးနဲ့အတူ ကြိုဆိုတဲ့အကြောင်း ဒီနေ့သဝဏ်လွှာပေးပို့ထားပါသေးတယ်။
ဒါ့အပြင် တော်လှန်ရေးခရီးတလျှောက်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်တွေ၊ မိသားစုဝင်တွေနဲ့ စစ်ပွဲကြောင့် အိုးအိမ်စွန့်လွှတ်ခဲ့ရတဲ့ ကချင်စစ်ဘေးရှောင်တစ်ယောက်ချင်းစီအတွက်လည်း ထိုက်တန်တဲ့ တရားမျှတမှုရအောင် NUG အနေနဲ့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
NUG အနေနဲ့လည်း ကချင်တမျိုးသားလုံးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်အမြတ်ပြတ်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်ရရေးအတွက် မဟာမိတ်ကချင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ အတူလက်တွဲပြီး ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမယ်လို့ သဝဏ်လွှာမှာ ကတိပြုထားပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။







