ကချင်ပြည်အတွင်း အနည်းဆုံး မြို့နယ် ၄ ခုတွင် တိုက်ပွဲများ ဖြစ်ပွား

ကချင်ပြည်အတွင်း အနည်းဆုံး မြို့နယ် ၄ ခုတွင် တိုက်ပွဲများ ဖြစ်ပွား

ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။

ကချင်ပြည်အတွင်းရှိ ဗန်းမော်၊ ဝိုင်းမော်၊ တနိုင်းနှင့် ဖားကန့်မြို့နယ်တို့တွင် စစ်ကော်မရှင်တပ်၏ အင်အား အလုံး အရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး၊ ပူတာအိုနှင့် ခေါင်လန်ဖူးဒေသတို့ တွင်လည်း စစ်ရေးအခြေအနေများ တင်းမာနေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ပြောသည်။

လက်ရှိစစ်ရေးအခြေအနေနှင့် ပတ်သက်၍ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ၎င်းတို့ဘက်မှ ထိုးစစ်ဆင်ခြင်းမျိုး မရှိသော်လည်း စစ်ကော်မရှင်တပ်ဘက်မှ မြေပြင်စစ်ကြောင်းများဖြင့် စတင်ဝင်ရောက်လာ ခြင်းဖြစ်ကြောင်း ဆိုသည်။

ဗန်းမော်မြို့နယ်အတွင်း တိုက်ပွဲအခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက “အခုလောလောဆယ်ကတော့ သုံးမိုင်လေး မိုင်ပေါ့ ဗန်းမော်ဖက်ကနေ မိုးမောက် တက်သွားတဲ့ သုံးမိုင်လေးမိုင် နေရာဖက်မှာလည်း နေ့တိုင်းလို တိုက်ပွဲ တွေရှိပါတယ်။ သူက မြေပြင်ကနေ ထိုးစစ်ဆင်လာတဲ့ အခြေအနေနဲ့ ရှိပါတယ်။ လေကြောင်းနဲ့ ပစ်တာ လက်နက်ကြီးနဲ့ ပစ်တာတွေကတော့ ပြောစရာတောင် မလိုဘူးပေါ့။ ဒါတောင် အဲဒီဗန်းမော်ဖက်မှာကတော့ တိုက်ပွဲကတော့ ဆက်ဖြစ်နေတဲ့ ဆိုတဲ့ဟာ ဖြစ်ပါတယ်” ဟု ပြောသည်။

အလားတူ ဝိုင်းမော်မြို့နယ်အတွင်း၌လည်း စစ်ကော်မရှင်တပ်သည် ဗျူဟာကျသည့် လမ်းကြောင်းများမှ တစ်ဆင့် စစ်ကြောင်းထိုးဝင်ရောက်လာနေသဖြင့် ခုခံတိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။

“ဝိုင်းမော်ဖက်မှာကတော့ ဝိုင်းမော်နဲ့ ဝါရှောင်တက်သွားတဲ့လမ်းရဲ့ မြောက်ဖက်ကျမှာပေါ့ အဲဒီချောင်း တစ်ချောင်းရှိတယ်။ အဲ့ဖက်မှာလည်း လမ်းတွေရှိတာပေါ့ သူတို့က ဗျူဟာလမ်းတွေ ရှိမှာပေါ့။ အဲဒီဖက်မှာ စစ်ကောင်စီဖက်ကနေ ဝင်လာလို့ တိုက်ပွဲတွေ ခုခံတိုက်ပွဲတွေ ရှိပါတယ်။ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့က တော့ နေ့တိုင်း ပစ်တာတော့ရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ရှင်းပြသည်။

တနိုင်းမြို့နယ်အတွင်းရှိ ရွှေမှော်နှင့် ပယင်းမှော်ဒေသများတွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကော်မရှင် ၏ အင်အားအလွန်အကျွံသုံး ထိုးစစ်ဆင်မှုကြောင့် KIA နှင့် ပူးပေါင်းတပ်များဘက်မှ ရှေ့တန်းတပ်စခန်းတစ်ခုကို လက်လွတ်လိုက်ရသည့် အခြေအနေများလည်း ရှိခဲ့သည်။

ထို့အပြင် ကချင်ပြည် မြောက်ဖျား ပူတာအိုနှင့် ခေါင်လန်ဖူးဒေသတို့တွင်လည်း စစ်ကော်မရှင်တပ်က ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

ခေါင်လန်ဖူးစစ်မျက်နှာနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “ဆွမ်ပရာဘွမ်ဖက်မှာကတော့ တိုက်ပွဲကတော့ မရှိဘူး။ ဟိုခေါင်လန်ဖူးဖက်မှာကတော့ သူတို့ကစစ်အင်အားတွေ ထိုးထားပြီးမှ ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီး ကျနော်တို့ KIA နဲ့ ပူးပေါင်းတပ်တွေရှိတဲ့ လန်ဆယ်ဖက်ကို သူတို့ ထိုးလာတာ။ ခေါင်လန်ဖူး စစ်မျက်နှာဖက်မှာ တော့ လက်နက်ကြီးနဲ့ 81 ၊ 82 ပေါ့ အဲဒါမျိုးတွေနဲ့ ပစ်တာကတော့ နေ့တိုင်းလို ရှိပါတယ်။ တကယ့်ထိတွေ့ ရင်ဆိုင် တိုက်ပွဲကြီးတွေတော့ မရှိဘူး” ဟု ပြောသည်။

ခေါင်လန်ဖူး စစ်မျက်နှာတွင် စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးများကို အဓိကထား အသုံးပြုနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်ရှိတွင် ကချင်ပြည်အတွင်းရှိ မြို့နယ်အများစု၌ စစ်ရေးပဋိပက္ခများ မြင့်တက်နေသဖြင့် ဒေသခံပြည်သူများ သည် စစ်ဘေးဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည်။

စစ်ကော်မရှင်တပ်၏ စစ်ရေးလှုပ်ရှားမှုများနှင့်အတူ ပေါ်ပေါက်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြောင့် ဒေသခံများမှာ အသက်ဘေးအန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်နေကြရကြောင်း ဒေသခံများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

January 30, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်မှု အသစ်ဖွဲ့စည်းရာတွင် မျိုးဆက်သစ်လူငယ်နှင့်...
January 29, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတရွာကို စစ်ကော်မရှင် စစ်ကြောင်းက...
January 27, 2026
ကျေးရွာအများစု ချန်လှပ်ခံရသည့် ရှမ်းမြောက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည်...
January 26, 2026
ရှမ်းပြည် တောင်ပိုင်း၊ ရပ်စောက်လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ် များတွင် လမ်းကြေး အဆမတန်...