ဗုံးကြဲခံလိုက်ရသည့် မြောက်ဦးဆေးရုံအတွက် အရွယ်စုံ Arakanese Ladies က ကျပ်သိန်းတစ်ထောင်ကျော်လှူဒါန်း

ဗုံးကြဲခံလိုက်ရသည့် မြောက်ဦးဆေးရုံအတွက် အရွယ်စုံ Arakanese Ladies က ကျပ်သိန်းတစ်ထောင်ကျော်လှူဒါန်း

မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ Arakanese Ladies က ကျပ်သိန်း တစ်ထောင်ကျော်ကို လှူဒါန်းလိုက်သည်ဟု သိရသည်။

အဆိုပါလှူဒါန်းငွေများကို ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုကျန်းမာရေးဌာန၊ နိုင်ငံရေးဌာန၊ အုပ်ချုပ်ရေးဌာနနှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)တို့မှတဆင့် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

“မနေ့က ဇန်နဝါရီ ၁၉ ရက်မှာ လှူခဲ့တာပါ။ သိန်းတစ်ထောင့်သုံးရာ လေးဆယ်နဲ့ ခုနစ်သောင်းကို လှူခဲ့တာပါ”ဟု ပြောသည်။

ယင်းသို့လှူဒါန်းနိုင်ရန် အရွယ်စုံ Arakanese Ladies က ကျပ်သိန်း ၁၅ဝ မတည်ပြီး အလှူငွေကောက်ခံခဲ့ရာ ကျပ်သိန်းပေါင်း ၁၃၄,ဝ၇၄,၈၉၉ ကျပ်ရရှိခဲ့သည်ဟု အရွယ်စုံ Arakanese Ladies က ယနေ့ ဇန်နဝါရီလ ၂ဝ ရက်တွင် ထုတ်ပြန်ထားသည်။

“ပါဝင်လှူဒါန်းပေးကြသည့် အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့်အတူ ထိုင်ဝမ်အသင်း၊ USA, Indianapolis မှ ခါတော်မှီနှင့် အလှူမိတ်ဆွေသူငယ်ချင်းများနှင့် နိုင်ငံတကာမှ အလှူရှင်တစ်ယောက်ချင်းစီသည် ရခိုင်ပြည်အတွက် လိုအပ်သည့်အချိန်တွင် စိတ်စေတနာအရင်းခံပြီး နွေးထွေးသည့်လက်အစုံနှင့် စာနာမှူအတွက် ကျေးဇူးအထူးတင်ဂါရဝပြုပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်၊ အနယ်နယ်အရပ်ရပ်မှ ဆေးကုသမှုခံယူနေကြသော မြောက်ဦးဆေးရုံကြီးကို စစ်ကော်မရှင်လေတပ်က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သည့် ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်၊ ညတွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅ဝဝ ဗုံးနှစ်လုံးကို ကြဲချခဲ့သည့်အတွက် လူနာ၊ လူနာစောင့်၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် စုစုပေါင်း ၃၃ ဦးသေဆုံးပြီး ၇၇ ဦးအထိ ဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ဗုံးကြဲခံရမှုကြောင့် ထိခိုက်ခဲ့သူများနှင့် ပျက်စီးဆုံးရှုံးသွားသည့် ဆေးရုံသုံးပစ္စည်းများဝယ်ယူနိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ စေတနာရှင်များက အလှူငွေများ ကောက်ခံပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနထံ လှူဒါန်းပေးလျက်ရှိနေကြသည်။

မြောက်ဦးပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုကြောင့် ထိခိုက်သေဆုံးသွားသူများနှင့် ပျက်စီးသွားသည့် ဆေးရုံသုံးပစ္စည်းများအတွက် ဝေဟင်အောင်ပရဟိတအဖွဲ့ကလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်တွင် ကျပ်သိန်း ၄,၁ဝဝ ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုကျန်းမာရေးဌာန၊ နိုင်ငံရေးဌာန၊ အုပ်ချုပ်ရေးဌာနနှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)တို့မှတဆင့် လွှဲအပ်လှူဒါန်းခဲ့သည်။

ဓာတ်ပုံ - အရွယ်စုံ Arakanese Ladies နှင့် ပေးပို့

ဓါတ်ပုံ - Daily Times Of Bangladesh
August 19, 2026
အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော...
August 19, 2026
အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ...
August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...