စည်သူပလပ်ကျွတ်နှင့် အဆက်သွယ်မရသဖြင့် ၎င်းထံတွင် အထောက်ထားလုပ်ထားသည့် ရွှေ့ပြောင်းမြန်မာများ စိုးရိမ်

စည်သူပလပ်ကျွတ်နှင့် အဆက်သွယ်မရသဖြင့် ၎င်းထံတွင် အထောက်ထားလုပ်ထားသည့် ရွှေ့ပြောင်းမြန်မာများ စိုးရိမ်
စည်သူပလပ်ကျွတ်ကို ၎င်း၏ တစ်တော့အကောင့်တွင် ယနေ့ (ဇန်နဝါရီ ၂၀ ရက်) ညနေပိုင်းက တင်ထားသော ပိုစ့်၌တွေ့ရစဉ် ။
စည်သူပလပ်ကျွတ်ကို ၎င်း၏ တစ်တော့အကောင့်တွင် ယနေ့ (ဇန်နဝါရီ ၂၀ ရက်) ညနေပိုင်းက တင်ထားသော ပိုစ့်၌တွေ့ရစဉ် ။

ဂျူချန်း — ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် နေထိုင်အလုပ်လုပ်ခွင့်အထောက်အထားပြုလုပ်ပေးမည်ဟုဆိုကာ စည်သူပလတ်ကျွတ်က ရွှေ့ပြောင်းမြန်မာများထံမှ ငွေယူထားပြီး လက်ရှိတွင် နှစ်ပတ်ခန့် အဆက်အသွယ်မရသောကြောင့် ၎င်းထံတွင် အထောက်အထားလုပ်ထားသူများသည် အထောက်အထားမရတော့မည်ကို စိုးရိမ်နေကြောင်း ကာယကံရှင်များက ပြောသည်။

ထိုင်းတွင် ဘတ်တင်ခြင်း ဟု ခေါ်သည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် နေထိုင်ခွင့်အစီအစဉ်အတွက် စည်သူပလပ်ကျွတ်က ရွှေ့ပြောင်းမြန်မာအလုပ်သမားများထံမှ တဦးလျှင် ဘတ် ၆,၅၀၀(၈၁၀,၀၀၀ ကျပ်) မှ ဘတ် ၁၃,၀၀၀ (၁,၆၂၀,၀၀၀ ကျပ် ကျော်) ရယူကာ အဆက်အသွယ်ဖြတ်တောက်ထားခြင်းဟု ကိုယ်တိုင်ငွေပေးချေခဲ့ရသူများက ပြောသည်။

“ကျွန်တော့်ကိုပြီးခဲ့တဲ့ ၁ လပိုင်း ၈ ရက်နေ့ က နောက်ဆုံးဆက်သွယ်ရတယ်။ နောက်ပိုင်းကျတော့ အဆက်သွယ်မရတော့ပါဘူးဗျာ။ သူ့လိုင်းစိမ်းနေလည်း ခေါ်လို့မရဘူး” ဟု စည်သူပလပ်ကျွတ်တွင် ဘတ်တင်ထားသူတဦးက မဇ္ဈိမကိုပြောသည်။

စည်သူပလပ်ကျွတ်တွင် ဘတ်တင်ခြင်းအတွက် ပထမ စရံအတွက် ဘတ် ၁,၀၀၀၊ ဒုတိယအကြိမ် ၅,၅၀၀ နှင့် တတိယအကြိမ် ၆,၅၀၀၊ စုစုပေါင်း ၁၃,၀၀၀ဘတ် ပေးခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

စည်သူပလပ်ကျွတ်ထံတွင် ငွေသွင်းထားသူများသည် အချို့သည် ဘဏ်အကောင့်နှင့်လွှဲထားသူများရှိသကဲ့သို့ ၎င်းထံတွင် ကိုယ်တိုင် ငွေသားသွားရောက်ပေးခဲ့သူများလည်းရှိသည်။

“ပိုက်ဆံကိုအပြင်ကပဲ စည်သူပလပ်ကျွတ်လက်ထဲထည့်ပေးတာ။ အဲ့အချိန်မှာ စာရွက်တူလေးလက်ထဲထည့်ပေးတော့ ပလပ်ကျွတ်က video ရိုက်ထားတယ်။ အမတို့ဘက်ကတော့ ပေါ့ဆမှုကြောင့် မှတ်တမ်းမယူလိုက်ရဘူး။ ဘော်တော် (ငွေချေစလစ်) ရပီးထဲက ဆက်သွယ်တော့ဘူး ၊ အဆင်ပြေမယ်ထင်လို့ ယုံကြည်လို့ လက်ဗွေထိစောင့်နေတာ” ဟု စည်သူပလပ်ကျွတ်ထံ ငွေသွင်းထားသူ အခြားတဦးကလည်း ပြောသည်။

၎င်းထံတွင် ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာလတွင် ဘတ်တင်ရန် ဘတ် ၆,၅၀၀ ငွေသွင်းခဲ့ပြီး စလစ်ရပြီးနောက် လက်ရှိချိန်ထိ အဆက်အသွယ်မရတော့သောကြောင့် အထောက်အထား ဆက်လုပ်မရမည်ကို စိုးရိမ်နေကြောင်း ဆိုသည်။

လက်ရှိတွင် စည်သူပလပ်ကျွတ် ထံတွင် ဘတ်တင်ထားပြီး အဆက်အသွယ်မရရှိနေသောကြောင့် ရွှေ့ပြောင်းအလုပ်သမားများ ငွေဆုံးမည့်အပြင် အထောက်အထားမရမည်ကို စိုးရိမ်စိတ်ပူနေကြသည်။

၎င်းထံတွင် ဘတ်တင်ခြင်းအတွက် ငွေပေးချေထားပြီး အခြား အဆက်အသွယ်မရသူ လေးဦးထက်မနည်းကလည်း လူမှုကွန်ရက်တွင် စည်သူပလပ်ကျွတ် အနေဖြင့် ပြန်လည်ဆက်သွယ်အကြောင်းကြားပေးရန် ပြောဆိုထားကြသည်။

လူမှုကွန်ရက်တွင် စည်သူပလပ်ကျွတ်နှင့်ပတ်သက်၍ ဖော်ပြထားသူနှစ်ဦး၏ ပြောဆိုချက်အရ ယခင်တကြိမ်ကလည်း ဘတ်သက်တမ်းတိုးရန်အတွက် တဦးလျှင် ဘတ်ငွေ ၉,၅၀၀ ပေးဆောင်ခဲ့ရပြီး ကြားမှကိုယ်စားလှယ်(ပွဲစား) လိမ်ပြေးသွားသည်ဟုဆိုကာ ထို ဘတ်ငွေ ၉,၅၀၀ လည်း အလိမ်ခံခဲ့ရသေးကြောင်း ဆိုသည်။

စည်သူပလပ်ကျွတ်သည် ဘတ်တင်ခြင်းအတွက် ကိုယ်စားလှယ်အနေဖြင့် ဘတ်ငါးသန်းကုမ္မဏီ အေဂျင်စီနှင့် ချိတ်ဆက်လုပ်ဆောင်ထားခြင်းဖြစ်ပြီး ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) မွန်းလွဲပိုင်းတွင် ၎င်းတစ်တော့အကောင့်၌ ပိုစ့်များတင်ထားသည်။ တစ်တော့အကောင့်တွင် ၎င်းက ပို့စ်များ တင်နေသော်လည်း ၎င်းထံတွင် ငွေပေးကာ အထောက်အထားလုပ်ထားသူများကို တဦးချင်း အဆက်အသွယ် မလုပ်ပေ။

စည်သူပလပ်ကျွတ် ယမန်နေ့ တင်ထားသည့် တစ်တော့ ပို့စ်များတွင် ၎င်းအနေဖြင့် အလောင်းကစားလုပ်မိကြောင်း၊ ဘတ်ငါးသန်းကုမ္မဏီမှ ၎င်းအား ကိုယ်စားလှယ်ကြေး ဘတ် ၁၄ သိန်း ပေးရမည်ကို ကုမ္မဏီဘက်မှ မပေးကြောင်းနှင့် ရွှေ့ပြောင်းအလုပ်သမား ၃၆၄ ဦးအတွက် ဘတ်တင်ခြင်းအထောက်အထားကိစ္စနှင့်ပတ်သက်၍ ဘတ်ငါးသန်းကုမ္မဏီ သူဌေးမှ တာဝန်ယူပေးရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဘတ်ငါးသန်းသူဌေးဆိုသူကလည်း ယမန်နေ့မွန်းလွဲပိုင်းတွင် တစ်တော့၌ live လွှင့်ခဲ့ပြီး စည်သူပလပ်ကျွတ်က ၎င်းကို ကျန်ရှိငွေများမပေးကြောင်းနှင့် ၎င်းကုမ္မဏီဘဏ်အကောင့်သို့ ငွေလွှဲထားကြောင်း သက်သေပြနိုင်သူများကို တာဝန်ယူလုပ်ဆောင်ပေးသွားမည်ဖြစ်ပြီးကျန်သူများ၏ အထောက်အထားကိစ္စအတွက် စည်သူပလပ်ကျွတ်ကိုယ်တိုင် လာရောက်ရှင်းပေးမှ ရမည််ဟု ပြောဆိုသွားသည်။

ထိုကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ဘတ်ငါးသန်းကုမ္မဏီဘက်ကိုရော စည်သူပလပ်ကျွတ်ကိုပါ ဆက်သွယ်နေသော်လည်း ဆက်သွယ်မရသေးပေ။

လက်ရှိတွင် ကုမ္မဏီဘက်ကလည်း အကြောင်းမပြန်သေးသောကြောင့် စည်သူပလပ်ကျွတ်မှတဆင့် အထောက် အထားလုပ်ထားသည့် မြန်မာများက အထောက်အထားမရတော့မည်ကို စိတ်ပူနေကြသည်။

January 20, 2026
ဟန်ထူးဇော် — DKBA နာယက စောစတီး၏ သား ဗိုလ်မှူးကြီးစောအဲ့လယ်ထူး ဦးဆောင်သည့် Deeko Park...
January 19, 2026
စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း(၂) တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်...
January 17, 2026
နောင်နောင် — နိုင်ငံအတွက် ဆိုးကျိုးအန္တရာယ်များ ကျရောက်နိုင်သည့် မြစ်ဆုံရေကာတာ စီမံကိန်းသည်...
January 16, 2026
ပါခွီး — ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစု လေးဖွဲ့ ပေါင်းစည်းလိုက်ခြင်းကြောင့်...