မွန်ပြည်နယ်မှာ ခရီးသွားလုပ်ငန်း တိုးတက်အောင်လုပ်ဖို့ စစ်ကော်မရှင်ညွှန်ကြား

မွန်ပြည်နယ်မှာ ခရီးသွားလုပ်ငန်း တိုးတက်အောင်လုပ်ဖို့ စစ်ကော်မရှင်ညွှန်ကြား
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

မွန်ပြည်နယ်မှာ ခရီးသွားတွေ အရင်ထက် ပိုမိုဝင်ရောက် လည်ပတ်နိုင်ရေးနဲ့ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားလာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ မွန်ပြည် နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးမှာ သူရဲ့ လက်အောက်ခံ ဌာနဆိုင်ရာတွေအပြင် ခရီးသွားလုပ်ငန်းရှင်တွေကိုပါ ညွှန်ကြားခဲ့တာပါ။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ ခရီးသွားတွေအတွက် ခရီးစဉ်ဒေသလမ်းညွှန် ဆိုင်းဘုတ်တွေ ပြုလုပ်ဖို့၊ ခရီးစဉ်ဒေသ ရိုက်ကူးရေးတွေလုပ်ဖို့၊ ခရီးသွားဧည့်သည်တွေ စိတ်အေးချမ်းသာစွာ တည်း ခိုနိုင်ဖို့ ဟိုတယ်တည်းခိုရိပ်သာတွေရဲ့ ပြယုဒ်တွေ ပိုမိုကောင်းမွန်အောင် ကြပ်မတ်ဖို့ ပြောဆိုခဲ့တာပါ။

ခရီးသွား ဧည့်လမ်းညွှန် တစ်ဦးကတော့ ခရီးသွားတွေ ပိုမိုဝင်ရောက် လာအောင် လုပ်ဖို့ ပြောပေမယ့် လက်တွေ့မှာတော့ ညမထွက်ရအမိန့်အပါအဝင် နိုင်ငံခြားခရီးသွားတွေအတွက် ခွင့်ပြုချက်တောင်း ခံတာကအစ အခက်အခဲ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကကျွန်တော် ပြောချင်တာတော့ ညမထွက်ရ အမိန့်ဆိုတာ ရှိတယ်လေ။ ညမထွက်ရ အမိန့်တွေကို မဖြုတ်မချင်းကတော့ ဒီခရီးသွားတွေ ဘယ်လိုမှလာလို့ မရတာ ညမထွက်ရ အမိန့်ခံနေတဲ့အခါကျတော့ ဖြတ်လို့ မရတော့ဘူး။ နောက်တစ်ခုက ခွင့်ပြုချက်။ ဧည့်သည်တွေ ဝင်လာချင်တယ်။ခွင့် ပြုချက် တောင်းတာကို အခက်အခဲပေါ်တယ်။ ဒါနိုင်ငံခြားသားတွေ အတွက်ပေါ့နော်၊ ခွင့်ပြုချက် တောင်းတာရချင်လည်း ရတယ်။ မရချင်လည်း မရဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ ညမထွက်ရအမိန့်ကြောင့် တချို့ ခရီးသွားတွေဟာ သူတို့ သတ်မှတ်ထားတဲ့ တည်းခိုတဲ့နေရာ မရောက်ဘဲ လမ်းမှာ ညအိပ်ရတာ၊ ဧည့်စာရင်း တိုင်ကြားဖို့ အခက်အခဲရှိတာအပြင် မသင်္ကာရင် ဖမ်းဆီးတာတွေ ကြောင့်လည်း ခရီးသွားဝင်ရောက်ဖို့ အခက်တွေ့ စေတယ်လို့ သူက ဆက်ပြောပါတယ်။

လမ်းခရီးတွေမှာလည်း စစ်ကော်မရှင် လက်အောက်ခံ စစ်ဆေးရေး ဂိတ်တွေမှာ စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်တာ၊ ခရီးသွားတွေဆီက ငွေညှစ်တာတွေအပြင် တချို့ ဒေသတွေက ခရီးသွားတွေကို ဝင်ရောက်မှု ကန့်သတ် တာတွေကြောင့်လည်း ခရီးသွားပိုမို ဝင်ရောက်အောင် လုပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဧည့်လမ်းညွှန်တွေက ဆိုပါတယ်။

မွန်ပြည်နယ် စစ်ကော်မရှင်ဟာ ရှမ်းပြည်နယ် မှတ်ပုံတင် ဖြစ်တဲ့ ၁၃/ နိုင်ငံသား စိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူတွေကို မော်လမြိုင်ခရိုင်အတွင်း လာရောက်လည်ပတ်ပါက သူတို့ သတ်မှတ်ထားတဲ့ ဟိုတယ်၂ လုံးနဲ့ မိုတယ် ၁ လုံးမှာသာ တည်းခို ရမယ်လို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၇ ရက်နေ့ကတည်းက ကန့်သတ်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်ဟာ ခရီးသွားကဏ္ဍ မြှင့်တင်ဖို့အတွက် မကြာခဏ အစည်းအ ဝေးတွေ လုပ်ဆောင်နေပေမယ့် တချို့ ဒေသတွေမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ၊ လုံခြုံမှု မရှိတာကြောင့် ခရီးသွား သိသိသာသာ များလာတာ မရှိဘူးလို့ ဧည့်လမ်းညွှန်တွေထံကနေ သိရပါတယ်။

ဓာတ်ပုံ-MOI
February 6, 2026
အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ အားလုံးပူးပေါင်းပါဝင်ပေးဖို့ အာဏာသိမ်း စစ်ကော်မရှင်ခန့်...
ဓာတ်ပုံ-CJ
February 5, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်မှာ ကျူးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော်ကို...
ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...
February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...