စစ်ကော်မရှင်ပြုလုပ်တဲ့ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ပူတာအိုခရိုင်အတွင်းက ရွှေလုပ်ကွက်တစ်ချို့ ပြန်လည်တူးဖော်နေပြီလို့ သိရပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် (ပူတာအိုမြို့သည် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်သည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ပါဝင်) ရွှေလုပ်ကွက်တွေအားလုံးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် လုပ်ကွက်အားလုံးပိတ်ခဲ့ရပေမဲ့ အခုချိန်မှာ ပြန်လည်လုပ်ကိုင်ခွင့်ရကြပြီလို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
"ပြန်တူးနေကြပြီ။ အရမ်းကြာပြီ။ နှစ်ပတ်မြောက်ထဲတောင် ဝင်နေပြီ။ ဟိုဘက် နမ်ရှဲဘွမ်၊နမ်စဘွမ်၊ မချမ်းဘော့ဘက်ခြမ်းမှာ တူးနေတယ်တဲ့။" လို့ ဒေသခံက ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလ ပထမပတ်လောက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ပူတာအိုကို ရောက်ရှိတဲ့အချိန် ရွှေလုပ်ငန်းလုပ်ကိုင်နေတဲ့ အလုပ်ရှင်နဲ့အလုပ်သမားတွေကို လိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ရပ်နားထားခဲ့ရာကနေ ပြန်လည်တူးဖော်နေတာပါ။
စစ်ကော်မရှင်တပ်က ဖမ်းဆီထားတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းမှာ အသုံးပြုတဲ့ စက်နဲ့စက်ပစ္စည်းတွေကိုလည်း တစ်ခုပြီးတစ်ခု ပြန်လည်ထုတ်ပေးနေပြီလို့လည်း ကြားသိရကြောင်း ဒေသခံရဲ့ ပြောကြားချက်အရ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး ပူတာအိုဒေသအတွင်းက ရွှေထွက်တဲ့နေရာတွေမှာရှိတတဲ့ ကျေးရွာနေအိမ်တွေကို ရွှေ့ပြီးတူးတာ၊ လယ်ယာမြေနဲ့ စိုက်ခင်းမြေတွေ၊ သစ်တောဧရိယာတွေနဲ့ မြစ်ချောင်းတွေပါမကျန် တူးဖော်နေကြတာ ဖြစ်ပါတယ်။
အဲဒီလိုတူးဖော်မှုတွေကြောင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သယံဇာတ တူးဖော်မှု အထူးသဖြင့် ရွှေတူးဖော်မှုလုပ်ငန်းများမှာ ထိန်းချုပ်သူမဲ့သလို ဖြစ်သွားတယ်လို့ ကချင်ပြည်နယ် သဘာဝသယံဇာတ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Kachin Environmental Group (KEG) က သိရပါတယ်။
ဒီလိုမျိုးကိစ္စမျိုးဟာ သဘာဝပတ်ဝန်းကျင်အတွက်သာမက လူမှုစီးပွားဘဝတွေအတွက်ပါ အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်နေတယ်လို့ KEG ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကိန်းဂဏန်းနဲ့ပြောဖို့က ခက်ခဲပါတယ်။ ဒါပေမဲ့ ဂြိုလ်တုနဲ့ကြည့်ရင်က ရွှေတူးဖော်မှု တိုးပွားမှုနှုန်းက အာဏာမသိမ်းခင်ကာလထက် အနည်းဆုံး ၃ ဆအထက် တိုးတက်လာတာကို တွေ့ရပါတယ်။" လို့ တာဝန်ရှိသူက ဆိုပါတယ်။
အရင်တောတောင်တွေဖြစ်ခဲ့တဲ့ နေရာတွေဟာ ရွှေတူးဖော်မှုကြောင့် အခုချိန်မှာ ဧကပေါင်းများစွာ ဗလာကျင်းသွားတဲ့အပြင် ရွှံ့ကန်လိုမျိုးဖြစ်နေပြီး ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် မြစ်၊ချောင်းတွေ ခမ်းခြောက်တာတွေ ဆိုးဆိုးရွားရွား ဖြစ်လာတယ်လို့လည်း ဆက်လက်ပြောပါတယ်။
"တစ်ချို့မြစ်ချောင်းဆိုရင် မြစ်ချောင်းရေတွေက ရွှံ့ရေးလိုမျိုးနှင့် အခြားနေရာမှာဆို လုံးဝပျောက်ကွယ်သွားတဲ့အထိ ဖြစ်နေပါတယ်။ လယ်ယာမြေ ဆုံးရှုံးမှုတွေလည်း ဖြစ်နေပါတယ်။ ဒီဟာတွေက နောင်တစ်ချိန်မှာ ဒေသခံတွေအတွက် စိုက်ပျိုးစရာ မြေမရှိတော့တဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။" လို့ အထက်ပါ KEG တာဝန်ရှိသူက ဆက်လက်ပြောပါတယ်။
အခုလို အထိန်းကွက်မဲ့ တူးဖော်ခြင်းရဲ့ ရလဒ်အနေနဲ့ နောင် ၅ နှစ် အထက်ဆိုရင် စိုက်ပျိုးမြေတွေ ပျက်စီးကုန်ပြီး ဒေသထွက် ဆန်စပါးနဲ့ အခြားသီးနှံတွေ မထွက်တော့ဘဲ အခြားနေရာမှ လုံးဝမှီခိုလာရတာမျိုးအပြင် ရေထုညစ်ညမ်းမှုကြောင့် ဒေသခံတွေဟာ ကျန်းမာရေးထိခိုက်တဲ့အထိ ဆိုးရွားလာနိုင်ကြောင်းလည်း ဆိုပါတယ်။
ရွှေတူးဖော်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းတဲ့အတွက် မိုးရာသီမှာ မြေပြိုတာ၊ ရေကြီးတာတွေကို အရင်ကထက်ပိုပြီး ဆိုးဆိုးရွားရွား ကြုံတွေ့ရနိုင်တယ်လို့ KEG တာဝန်ရှိသူ ကပြောပါတယ်။







