တနိုင်းဒေသ တိုက်ပွဲများ ပြင်းထန်၊ ဗျူဟာ စခန်းနှင့် မှော်များကို စစ်ကော်မရှင် ထိုးစစ်ဆင်

တနိုင်းဒေသ တိုက်ပွဲများ ပြင်းထန်၊ ဗျူဟာ စခန်းနှင့် မှော်များကို စစ်ကော်မရှင် ထိုးစစ်ဆင်

ကချင်ပြည်၊ တနိုင်းမြို့နယ်အတွင်းရှိ အချက်အချာကျသော နမ်ဗျူစခန်းနှင့် ပယင်း၊ ရွှေမှော်ဒေသများကို ထိန်းချုပ်နိုင်ရန် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေ သည်ဟု ဒေသခံများနှင့် မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်ကတည်းက စတင်ခဲ့သည့် ထိုးစစ်ဆင် တိုက်ခိုက်မှုများသည် ယနေ့အထိ ပြင်းထန်နေ ဆဲဖြစ်ပြီး စစ်ကော်မရှင်တပ်သည် ဒရုန်းများ၊ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများကို အဆက် မပြတ် အသုံးပြုနေသည်။

ထိုသို့ ထိုးစစ်ဆင်မှုကြောင့် နမ်ဗျူနှင့် လမုန်ခ မှော်အနီးရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ရင်း (၁၄) ၏ ကာကင်းစခန်းအချို့ လက်လွှတ်ခဲ့ရသည်။

တိုက်ပွဲများကြောင့် မှော်လုပ်သား သောင်းနှင့်ချီ၍ မြို့ပေါ်၌ ခိုလှုံနေကြရသည်။

ပယင်းမှော်မှ ထွက်လာသည့် မှော်လုပ်သားတစ်ဦးက “မှော်ထဲမှာက နေလို့ အဆင်မပြေတော့လို့ပါ။ ဦးလေးက ပြီးခဲ့တဲအပတ်ထဲက မြစ်ကြီးနားကို ပြန်ရောက်လာပြီလေ။ မှော်ထဲမှာလည်း အများကြီး ကျနေသေးတယ်။ ဦးလေးတို့ မှော်ထဲမှာ ရှိနေတုန်းကဆိုရင် လက်နက်ကြီးတွေက နေ့တိုင်းကျနေတာ၊ အလုပ်လည်း လုပ်လို့မရ ဘူး။ တချို့ကတော့ အခြေအနေစောင့်ကြည့်အုံးမယ်ဆိုပြီး နေခဲ့ကြတာ” ဟု ပြောသည်။

ထို့ပြင် စစ်ကော်မရှင်နှင့် လက်တွဲနေသော ဝါရာဇွပ်ပြည်သူ့စစ်နှင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့များသည်လည်း ပယင်းနှင့် ရွှေမှော်များကို စီးနင်းရန်အတွက် နမ်ဗျူစခန်းဘက်သို့ ဦးတည်ကာ စစ်ကော်မရှင်တပ်နှင့်အတူ စစ်ကြောင်းထိုးလျက်ရှိသည်ဟု မြေပြင် သတင်း ရင်းမြစ်က ပြောသည်။

စစ်ကော်မရှင်၏ တနိုင်းဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) က မှော်ဒေသများအတွင်းသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး မှော်အတွင်းရှိ ပြည်သူများကို အမြန်ဆုံးထွက်ခွာရန် အမိန့်ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်များ ရုတ်တရက် အလုံးအရင်းနှင့် ရောက်ရှိလာခြင်းကြောင့် တနိုင်းမြို့ပေါ်ရှိ အိမ်ငှားခနှင့် အခန်းခ များသည် ယခင်ကထက် ၃ ဆနီးပါးအထိ ဈေးတက်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား၍ ကချင်သတင်းဌာနက KNG က ဖော်ပြထားသည်။

ယခင်က ကျပ်နှစ်သိန်းဝန်းကျင်သာရှိသည့် လုံးချင်းအိမ်ငှားခမှာ ကျပ်ငါးသိန်းအထိ ဖြစ်လာပြီး အခန်းငှားခများ မှာလည်း တစ်သိန်းခွဲအထိ စျေးတက်လာသဖြင့် လက်လုပ်လက်စား မိသားစုများမှာ နေရေးထိုင်ရေး အကျပ် အတည်းနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

တနိုင်းဒေသခံ လူငယ်သူတစ်ဦးက “သူတို့ ဒီဗမာစစ်တပ်က ရွေးကောက်ပွဲလုပ်ဖို့ နယ်မြေစိုးမိုးရေးအတွက် မှော်တွေကို ထိုးစစ်ဆင်နေတာလို့ မြင်တယ်။ ဒီမှာက အဲ့လိုမျိုးလည်း သုံးသပ်ကြတာပေါ့နော်။ ဒါပေမဲ့ လက်တွေ့မှာတော့ လူထုက မဲပေးဖို့ထက် အသက်ရှင်ဖို့အတွက် တနိုင်းမြို့ပေါ်ကို ပြေးနေရတာပါ။ အိမ် ငှားခတောင် မတတ်နိုင်တဲ့ ပြည်သူတွေအတွက် ဒီရွေးကောက်ပွဲက ဘာမှအဓိပ္ပာယ်မရှိပါဘူး” ဟု ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် စစ်ရေးဖိအားပေးမှုများ အပြင် နိုင်ငံရေးအရလည်း ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးမှုရရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဒေသတွင်းက တက်ကြွလှုပ်ရှား သူများနှင့် စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

March 11, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် ပြည်သူ ၃၀၀ ကျော်ကို PDF နှင့် KNLA...
March 10, 2026
ကရင်နီ (ကယား) ပြည်တွင် စက်သုံးဆီပြတ်လပ်မှု အကျပ်အတည်း ဆိုးရွားလာနေပြီး တစ်လီတာ ကျပ်တစ်သောင်းအထိ...
March 9, 2026
ချင်းမိုင်မြို့၊ ဟန်းဒေါင်းမြို့နယ်တွင် အသက် ၂၂ နှစ်အရွယ် စားပွဲထိုးအမျိုးသမီးငယ်တစ်ဦး...
March 6, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းရှိ စစ်သုံ့ပန်းမိသားစုဝင်များ ထိန်းသိမ်းရာစခန်းကို စစ်ကော်မရှင်က...