မိုင်းယောင်းတွင် မဲထည့်ပေးကြရန် စစ်တပ်ခြိမ်းခြောက်ထားဟုဆို

မိုင်းယောင်းတွင် မဲထည့်ပေးကြရန် စစ်တပ်ခြိမ်းခြောက်ထားဟုဆို

စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲထည့်ပေးကြရန် စစ်တပ်က ခြိမ်းခြောက်ထားကြောင်း ဒေသခံများကပြောသည်။

လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း အပါအဝင် သျှမ်းပြည် မြို့နယ် ၁၇ မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည်ဖြစ်သည်။

“လူတွေက မသွားချင်ပေမယ့်၊ မဲသွားမပေးရင် နောက်ဆက်တွဲ ပြဿနာဖြစ်မှာကို စိုးရိမ်နေကြတယ်။ ပြဿနာမဖြစ်ချင်ကြဘူးလို့လည်း ညည်းနေကြတယ်။ မဲထည့်နည်းရင် တွေ့မယ်ဆိုပြီး စစ်တပ်အထက်လူကြီးတွေ ကြိမ်းထားတာ” ဟု မိုင်းယောင်းမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်အထက်လူကြီးများက အဆင့်ဆင့် ခြိမ်းခြောက်လာသောကြောင့် အုပ်ချုပ်ရေးမှူးများလည်း ရွာသားများကို ခေါ်ကာ မဖြစ်မနေမဲထည့်ကြရန် စည်းရုံးနေကြောင်း ၎င်းက ပြောသည်။

“အဆင့်ဆင့် ခြိမ်းခြောက်လာတော့ အုပ်ချုပ်ရေးမှူးက ရွာသားတွေ ပြန်ခေါ်ပြော၊ မဲလာထည့်ဖို့ မလာရင် သူမျက်နှာပူမယ်ပေါ့”ဟု အထက်ပါ မြို့ခံတစ်ဦးက ထပ်လောင်းပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်) တွင်လည်း မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေး ကျင်းပခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါအစည်းအဝေးတွင် အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူးက အမှာစကား ပြောကြားပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ MEVM စက် လက်တွေ့အသုံးပြုခြင်း သင်တန်းပေးနေမှုနှင့် မဲရုံကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် နယ်ခြားစောင့်တပ်အပြင် အများကသိကြသော မိုင်းလားအဖွဲ့ (သို့မဟုတ်) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့လည်း လှုပ်ရှားနေသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်တွင် မိုင်းယောင်မြို့နယ် အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ - ၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား (၁၀၀) ခန့်က RCSS ၏ ကျိုင်းတုံစစ်ဒေသ အမှတ် (၁)၊ ဝမ်ကောင်းကျေးရွာအုပ်စု ဓာတ်လုံစေတီဘက်ရှိ တပ်စခန်းအနီးသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...