ကချင်ပြည်တွင် စစ်ကော်မရှင်တပ်၏ တိုက်ခိုက်မှုများကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့သည်ဟု ကချင်လူ့အခွင့်အရေးအဖွဲ့က ပြောသည်။
ကချင်ပြည်အတွင်း ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့ရကြောင်း ကချင် လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ (KHRW) က ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်သည့် နှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
KHRW ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နှစ်အတွင်း စစ်ကော်မရှင်တပ်၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၃၃ ဦး သေဆုံးကာ ၁၁၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ သေဆုံးမှုများထဲတွင် အနည်းဆုံး ၅ ကြိမ်ထက်မနည်းမှာ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် လေကြောင်း ဗုံးကြဲမှုများဖြစ်ပြီး ဗန်းမော်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင် စခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်မှုတွင် ပြည်သူအယောက် ၃၀ ကျော် တစ်ပြိုင်နက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်မှာ အဆိုးရွားဆုံးဖြစ်ခဲ့သည်။
ဗန်းမော်ဒေသခံ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက “ကျနော်တို့က စစ်ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ သူတွေ ပါ။ ဘာလက်နက်မှလည်း မရှိဘူး၊ ဘာတိုက်ပွဲမှလည်း မရှိဘဲနဲ့ အိပ်နေတဲ့အချိန် ညကြီးမင်းကြီး လာကြဲသွား တာ။ ကလေးတွေရော လူကြီးတွေရော ဟိုတစ်စ ဒီတစ်စနဲ့ ကောက်ခဲ့ရတာပါ။ ဒီအခြေအနေတွေက ဘယ် တော့မှ မမေ့နိုင်တော့မယ့် အဖြစ်အပျက်တွေပါ။ ဗမာစစ်တပ်က တမင်သက်သက် အရပ်သားတွေကို သတ် ဖြတ်နေတာပါ” ဟု ပြောသည်။
KHRW က စစ်ကော်မရှင်တပ်၏ အဆိုပါ လုပ်ရပ်များသည် အရပ်သားများကို ပစ်မှတ်ထားသဖြင့် စစ်ရာဇဝတ်မှု ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ ကျူးလွန်သူများကို နိုင်ငံတကာတရားရုံးများတွင် အပြစ်ပေး အရေးယူနိုင်ရန် ခိုင်လုံသည့် သက်သေ အထောက်အထားများနှင့်တကွ ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆိုသည်။
ကချင်ဒေသတွင်း အခြေစိုက်သည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကော်မရှင်၏ လုပ်ရပ်များ အပေါ် ယခုလို မှတ်ချက်ပြုသည်။
“စစ်တပ်က တစ်ဖက်မှာ သူတို့ရဲ့ ရွေးကောက်ပွဲ ယန္တရားကို အသက်သွင်းဖို့ မြို့ပေါ်တွေမှာ ဟန်ပြကြိုးစားနေ ပေမဲ့ တခြားတစ်ဖက်မှာတော့ ပြည်သူတွေကို ဒီလိုပဲ ရက်ရက်စက်စက် သတ်ဖြတ်နေတုန်းပါပဲ။ ဒါဟာ နိုင်ငံ တကာကို လှည့်စားနေတာဖြစ်လို့ ဒီအကြမ်းဖက်မှုတွေကို ကမ္ဘာက နှုတ်ပိတ်မနေဘဲ ချက်ချင်းတားဆီးပေးဖို့ ကျမတို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ကချင်ပြည် အတွင်း စစ်ရေးတင်းမာမှုများ ဆက်ရှိနေဆဲဖြစ်ပြီး ပြည်သူများအနေဖြင့် လုံခြုံရေး အထူးသတိထားရန်နှင့် လေကြောင်းရန် ကာကွယ်ရေးများကို ဂရုပြုကြရန် လူ့အခွင့်အရေးအဖွဲ့များက သတိပေးနှိုးဆော်ထားသည်။
တစ်ဖက်တွင်လည်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို တော်လှန်ရေး အင်အားစုများက နည်း မျိုးစုံဖြင့် တန်ပြန်ဟန့်တားလျက်ရှိရာ ဒေသတွင်း စစ်ရေးနှင့် နိုင်ငံရေး အခြေအနေမှာ ပိုမိုရှုပ်ထွေးလျက်ရှိ ကြောင်း မြေပြင် သတင်းရင်းမြစ်များက ဆိုသည်။







