ဟားခါးမြို့နယ်အတွင်း သန်းခေါင်ယံ ဗုံးကြဲမှု မိသားတစ်စုလုံး သေဆုံး

ဟားခါးမြို့နယ်အတွင်း သန်းခေါင်ယံ ဗုံးကြဲမှု မိသားတစ်စုလုံး သေဆုံး

ချင်းပြည် ဟားခါးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က ညသန်းခေါင်ယံတွင် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် မိသားစု တစ်စုလုံး သေဆုံးသွားခဲ့သည်။

နေအိမ်တစ်လုံးပေါ်သို့ ဗုံးသီးတည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၈ နှစ်အရွယ် မိခင်ဖြစ်သူနှင့် အသက် ၆ နှစ်၊ ၃ နှစ်အရွယ် ကလေးငယ်နှစ်ဦးမှာ အခင်းဖြစ်နေရာတွင်ပင် ပွဲချင်း ပြီး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့၊ ည ၁၂ နာရီဝန်းကျင်တွင် ဟားခါး-မှန်တော ကားလမ်းပေါ်ရှိ အိမ်ခြေ ၈၀ ခန့် ရှိသော ဟားလ်တာကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးသီးများ ကြဲချခဲ့ခြင်းဖြစ်သည်။

ပြင်းထန်ဒဏ်ရာများဖြင့် အသက်လုခဲ့ရသည့် ဖခင်ဖြစ်သူမှာလည်း ဆေးရုံသို့ ပို့ဆောင်ကုသရန် ကြိုးစားနေစဉ်အတွင်း ဇန်နဝါရီလ ၅ ရက် မွန်းလွဲပိုင်းတွင် ထပ်မံသေဆုံးသွားခဲ့သဖြင့် မိသားစုတစ်စုလုံး အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “လေကြောင်းဗုံးကြဲခံရလို့ သားအမိတွေ သေဆုံးတယ်လို့ ကြားရတဲ့အချိန်မှာပဲ အခု ဖခင်ဖြစ်သူပါ ထပ်ဆုံးသွားပြီလို့ သိရတော့ တကယ့်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ဘယ်လိုမှ မခံစားနိုင်တဲ့ကိစ္စပါ။ ဖခင်ဖြစ်သူဆိုရင် ဒဏ်ရာတွေက အရမ်းပြင်းလို့ ဆေးရုံပို့တဲ့လမ်းမှာပဲ ဆုံးသွားရှာတာ” ဟု ပြောသည်။

သေဆုံးခဲ့သည့် မိသားစုတွင် သားသမီး ၅ ဦးရှိသည့်အနက် ၈ နှစ်အရွယ် သမီးဖြစ်သူသည်လည်း ခြေနှစ်ဖက်နှင့် လက်တစ်ဖက်တွင် ထိခိုက်ဒဏ်ရာများရရှိကာ လက်ရှိတွင် ဟားခါးဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။

ထို့အပြင် ကျေးရွာအတွင်းရှိ အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အခြား ဒေသခံ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

ချင်းကာကွယ်ရေးတပ် (CDF-Hakha) ၏ တာဝန်ရှိသူတစ်ဦးက “ဒီရွာတွေက မြို့ပေါ်ကနေ ၄၅ မိုင်လောက် ဝေးပါတယ်။ အနီးအနားမှာ တိုက်ပွဲလည်းမရှိဘူး၊ တော်လှန်ရေးတပ်သားတွေ နေတဲ့နေရာလည်း မဟုတ်ပါဘူး။ အခုလို အပြစ်မဲ့ပြည်သူတွေကို ညသန်းခေါင်ယံမှာ ပစ်မှတ်ထားတိုက်ခိုက်တာက စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာပဲ” ဟု ပြောသည်။

ဟားလ်တာကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း လေကြောင်းတိုက်ခိုက်မှု ဒဏ်ကို ခံခဲ့ရဖူးပြီး ယခုအခါတွင်လည်း ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

လက်ရှိတွင် ကျေးရွာအတွင်းရှိ ပြည်သူများသည် နာရေးကိစ္စများ ဆောင်ရွက်ပြီးနောက် လေကြောင်းရန်ကို စိုးရိမ်သဖြင့် နီးစပ်ရာ တောင်ယာများနှင့် တောတောင်များအတွင်းသို့ စစ်ဘေးရှောင်နေကြရသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...