သီပေါတံတားမှ MNDAA ဆုတ်ခွာသွားသော်လည်း စစ်ကော်မရှင်က အရပ်သားယာဉ်ဖြတ်သန်းခွင့်မပြုသေး

သီပေါတံတားမှ MNDAA ဆုတ်ခွာသွားသော်လည်း စစ်ကော်မရှင်က အရပ်သားယာဉ်ဖြတ်သန်းခွင့်မပြုသေး

စိုင်းခွမ်မိန်း — သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးမှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာသွားခဲ့သော်လည်း စစ်ကော်မရှင်ဘက်မှ ယာဉ်ဖြတ်သန်းခွင့် မပြုသေးဘဲ ဆက်လက်ပိတ်ထားကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး သီပေါမြို့နှင့် လားရှိုးမြို့ကြား ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များ ဆုတ်ခွာပိတ်သိမ်းခဲ့ပြီးနောက် သီပေါတံတားတွင် တပ်စွဲထားခဲ့သည့် ကိုးကန့်တပ်များလည်း အလားတူ ဆုတ်ခွာသွားခဲ့သည်။

လက်ရှိတွင် သီပေါတံတား၌ စစ်ကော်မရှင်တပ် တစ်ဖွဲ့တည်းသာ တပ်စွဲထားပြီး ဒေသခံများကို တံတားပေါ် လမ်းလျှောက်ဖြတ်ကူးရန် အချိန်ပိုင်း ခွင့်ပြုနေသော်လည်း ယာဉ်ဖြတ်သန်းခွင့် မပေးခြင်းကြောင့် အခက်အခဲ ကြုံနေရကြောင်း သီပေါဒေသခံများက ပြောသည်။

“သီပေါတံတားမှာတော့ ကိုးကန့်တပ် မရှိတော့ဘူး၊ အခုက စစ်တပ်က နှစ်ဘက်လုံး စောင့်နေတာ။ ကိုးကန့်ဘက်က တပ်ဆုတ်တာတော့ မဟုတ်ဘူး ရွာတွေမှာ ရှိသေးတယ်၊ လမ်းမကြီးပေါ်မှာ ဂိတ်ထောင်ပြီး ပိုက်ဆံကောက်တာတော့ မရှိတော့ဘူး။ သီပေါတံတားပေါ် အချိန်ပိုင်း လူဖြတ်လို့ ရပေမယ့် ကားတွေ ဆိုင်ကယ်တွေတော့ ပေးမသွားသေးဘူး” ဟု သီပေါဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပပြီးနောက် ဒီဇင်ဘာလ (၂၉) ရက်တွင် စစ်ကော်မရှင်နှင့် MNDAA ကိုယ်စားလှယ်များ လားရှိုးမြို့၌ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့စဉ် ကိုးကန့်တပ်ဘက်မှ သီပေါ-လားရှိုးကြား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များကို ပိတ်သိမ်းရန် သဘောတူခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့နောက် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ပြီး သီပေါမြို့နှင့် နမ့်လန်မြို့ကြား တပ်စွဲထားသည့် MNDAA တပ်များသည် ကိုးမိုင်လမ်းခွဲမှတဆင့် ဆောင်ကြဲ၊ ဆင်ကျော့ကျေးရွာအုပ်စုနှင့် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုဘက်သို့ တပ်ဆုတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

“ကိုးကန့်တပ်က ၉ မိုင်လမ်းခွဲကနေ ဆုတ်ထားတယ်၊ သီပေါ-နမ့်လန် အဲ့ဒီလမ်းမကြီး တစ်လျှောက်ကနေ ပန်ညု ကုံးမုံ အဲ့ဘက်ထိ ဆုတ်သွားပြီ။ သီပေါဘက်မှာတော့ လမ်းမကြီးအရှေ့ဘက် ပန်ညုကနေ ဆောင်ကြဲ၊ ဟိုယဘက်ထိပဲ ကိုးကန့်တပ်ရှိတော့မယ်။ နားမခေါ်ဘက်က ကိုးကန့်တွေတော့ အကုန်ဆုတ်ပြီ ပြောတယ်၊ ဆင်ကျော့ဘက်ကို ဆုတ်သွားတာ” ဟု နမ့်လန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့ကို TNLA တပ်ဖွဲ့ထံမှ စစ်ကောင်စီတပ် ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါ-လားရှိုးလမ်းပိုင်းနှင့် လားရှိုး-မိုင်းရယ် လမ်းပိုင်းများမှ MNDAA တပ်ဆုတ်ခွာရန် ယမန်နှစ် နိုဝင်ဘာလဆန်းတွင် တောင်းဆိုခဲ့ရာ ဆွေးနွေးမှု အဆင်မပြေဘဲ နှစ်ဘက်စစ်ရေး တင်းမာကာ နှစ်လနီးပါး အပြန်အလှန် လမ်းပိတ်ထားခဲ့သည်။

January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...
January 7, 2026
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း...
December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...