သဉ္ဇာနွယ် - အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်မှ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူမြို့အခြေစိုက်ဓည၀တီရေတပ်စခန်းနှင့် ကျောက်ဖြူမြို့၏ အဓိက ခံကတုတ်စစ်စခန်းကြီးတစ်ခုဖြစ်သည့် ရဲတပ်ရင်း (၃၂) ကို ဒရုန်းများအပါအဝင် လက်နက်ကြီးများဖြင့် ယခုရက်ပိုင်းကစပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်နေပြီဟု သတင်းရရှိသည်။
AA က ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကြီးကျည်များသည် ကျောက်ဖြုမြို့နယ်သစ်ပုတ်တောင်အခြေစိုက် ဓညဝတီရေတပ်ဌာနချုပ်ထဲမှ လူနေအဆောင် ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀နှင့် ခန်းမတို့တွင် ကျရောက်ပေါက်ကွဲပြီး တပ်ဖွဲ့ဝင်တချို့သေဆုံးကာ ဒဏ်ရာရသွားကြသည်ဟု ဒေသအတွင်းစစ်ရေး ရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
" လူနေဆောင်ကို ၂ လုံးကျတယ်။ အစည်းအဝေးလုပ်တဲ့ခန်းမကို ၁ လုံးကျတယ်။ တနင်္လာနေ့ကဆို မီးခိုးတွေ အလုံးလုံး အလိပ်လိပ်ထွက်နေတာတွေ့တယ်။ လူတွေထိတယ်။ သေဆုံးဒဏ်ရာ ရတာတွေလည်း ရှိတယ်" ဟု ပြောသည်။
ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၄ နာရီခန့်က သစ်ပုတ်တောင်ရေတပ်ဌာနချုပ်မှ ဒဏ်ရာရသူများကို နေဗီတစ်စီးဖြင့် ကျောက်ဖြူမြို့သို့ယူဆောင်လာသည်ဟု သိရသည်။
“ နေဗီတစ်စီး ကျောက်ဖြူဆိပ်ကမ်းမှာဆိုက်ကပ်ပြီး လူနာတွေကို ဆေးရုံကို ပို့တာတွေရှိတယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေကို လေယာဉ်နဲ့ ရန်ကုန် မင်္ဂလာဒုံဆေးရုံကြီးထိ ယူဆောင်တယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
အလားတူ AA မှ နောက်တန်း စခန်းကြီးတစ်ခုဖြစ်သည့် အမှတ်(၃၂)ရဲတပ်ရင်းထဲသို့လည်း လက်နက်ကြီးကျည်၊ ဒရုန်းဗုံးများကျရောက်ကာ အဆောင်တချို့ပျက်စီးသွားသည်ဟု စစ်တပ်နှင့် နီးစပ်သည့် ဒေသခံ မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
" အရင်ဆို အကြမ်းဖက်စစ်တပ်ဖက်က ဒရုန်းတွေလက်နက်ကြီးတွေနဲ့ AA ကို စတိုက်တာ။ အခုAA ဖက်က အဲ့သလိုပြန်တိုက်နေတာ။ အခုဆိုရင် ရဲတပ်ရင်းကိုပါ ပြန်တိုက်လာတာ။ တိုက်ပွဲက နေ့စဉ်လိုလိုပြင်းနေတယ်။ နေ့ရောညရော လက်နက်ကြီးနဲ ပစ်ခတ်တာတွေရှိတယ်" ဟု ပြောသည်။
ကျောက်ဖြူမြို့မြို့ပြင်တွင် တည်ရှိသည့် အမှတ်(၃၂)ရဲတပ်ရင်းနှင့် သစ်ပုတ်တောင်တိုက်နယ်အနီးတွင်ထောက်ပို့လုပ်ပြီး ကင်းလှည့်နေသော စစ်ကြောင်းများကို AA မှ ပြောက်ကျားစနစ်ကိုအခြေခံသည် နည်းဗျူဟာအသစ်တို့ဖြင့်တိုက်ခိုက်နေသဖြင့် စစ်တပ်ဘက်က အသေအပျောက်များနေသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်များက ပြောကြားသည်။
စစ်ကော်မရှင်စစ်ကြောင်းများသည် AA ထံ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံလာရပြီး အကျအဆုံးများလာရသည့်အတွက် စစ်ကော်မရှင်ဘက်မှ လက်နက်ကြီး၊ ဒရုန်း၊ နေဗီများက AA ရှိနိုင်သည့်နေရာများကိုမှန်းဆကာ နေ့စဉ် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ကျောက်ဖြူမြို့ အာရက္ခတပ်တော် လက်တွင်းမကျရောက်စေရေးအတွက် စစ်ကော်မရှင်က စစ်တွေက တပ်တစ်ချို့ ကို ကျောက်ဖြူသို့ စေလွှတ်ထားရသလို လက်နက်တပ်ဆင်ပေးထားသည့်မွတ်ဆလင် လက်နက်များပါ ရောက်ရှိနေသည်ဟု CDM ဗိုလ်ကြီးဇင်ယော်က သူ၏ စစ်ရေး သုံးသပ်ချက်တွင် ရေးသားထားသည်။
“ မြို့ပြင်မှာတော့ ထိတွေ့တိုက်ပွဲတွေဟာအဆုတ်အတက်ကြမ်းနေဆဲသာဖြစ်ပါတယ်။လက်ရှိအနေ အထားအရ အာရက္ခတပ်ဘက်ကမြို့တွင်းကို ဝင်ရောက်လာမှာ စိုးတဲ့အတွက် စကစစစ်ကြောင်းတော်တော်များများဟာ မြို့ရဲ့ အနီးတစ်ဝိုက်အထိ ဆုတ်ခွာထားရတာကိုတွေ့ရပါတယ်။ တရုတ်စက်လတ်အသံတွေလို့ ယူဆရတဲ့အတွက် အာရက္ခတပ်တော်ဟာပစ်အားသုံးပြီး စစ်ရေးအသာစီး ရနေနိုင်တယ်လို့ သုံး သပ်ရပါတယ်” ဟုလည်း ရေးသားထားသည်။







