PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့အထိ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် ပွန်ချောင်း အနောက်ဘက်ခြမ်းမှနေ၍ အရှေ့ဘက်ခြမ်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဆိုသည်။

“အခုစစ်ရေးအခြေအနေကတော့ မနေ့က ပွန်ချောင်းရဲ့ အနောက်ဘက်ခြမ်းကနေ အရှေ့ဘက်ခြမ်းကို လက်နက်ကြီး ၂ လုံး ပစ်လာတာရှိပါတယ်။ တောင်ယာသွားတဲ့ ပြည်သူတွေရဲ့ခြံထဲကို ကျတာပေါ့။ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိပါဘူး” ဟု ခွန်ရိန်းယံက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့က နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ဘက်က ၇ ဦးကျဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့ဘက်မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ် ဆောင်လာသော ရွာသား ၂ ဦးကိုလည်း PNLA တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း ခွန်ရိန်းယံက ပြောသည်။

ကဒူးကြီးဒေသတွင် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အပြင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) လည်း လှုပ်ရှားနေသည်။

လက်ရှိ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် PNLA ဌာနချုပ်တည်ရှိရာ ကဒူးကြီးဒေသမှ ကရင်နီ (ကယား) ပြည် ရှားတောဒေသထိ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိထားသည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဆက်ပြောသည်။

“ဒေသခံတွေကို ထိုးစစ်တဲ့နေရာမှာလိုက်ပါကူညီဖို့ စည်းရုံးတဲ့အချိန်မှာ သူတို့ပြောတာကတော့ ကဒူးကြီးဒေသကနေ ရှားတောကို သွားမယ်။ ဒီကဒူးကြီးဒေသကို ရပြီးရင်လည်း သံလွင်မြစ်ရဲ့ အရှေ့ဘက်ခြမ်းကိုကူးပြီးတော့ ထိုင်းနယ်စပ်အထိ လုပ်မယ်။ ပြီးရင်ထိုင်းနိုင်ငံရောက်တဲ့အထိ လမ်းဖောက်ပေးမယ်။ အဲ့ဒါကြောင့် သူတို့ထိုးစစ်ကို ထောက်ခံကြပါဆိုပြီး ဒေသခံတွေကို လိုက်လံစည်းရုံးနေတာရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါကဒူးကြီးဒေသကို သိမ်းပိုက်ပြီးလျှင် သံလွင်မြစ် အရှေ့ဘက်ကိုကူးကာ ထိုင်းနယ်စပ်နှင့် တောင်ဘက် ကရင်နီ (ကယား) ရှားတောဒေသအထိ ထိုးစစ်ဆင်သိမ်းပိုက်မည်ဟုလည်း ပအိုဝ်းပြည်သူ့စစ် PNO ဝါဒဖြန့်ချိရေး အကောင့်များကလည်း ဖြန့်ဝေထားကြသည်။

“သူတို့ရဲ့ ဒီလိုလုပ်ရပ်တွေကတော့ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်အပေါ်မှာ ပြည်သူလူထုရဲ့ အသက်တွေကို စတေးဖို့လုပ်တာလို့ပဲ မြင်ပါတယ်” ဟု ခွန်ရိန်းယံက ထပ်လောင်းပြောသည်။

မြေပြင်အခြေအနေကို သိရှိသူတစ်ဦး၏ ပြောပြချက်အရ ကဒူးကြီးဒေသမှ သံလွင်မြစ် အရှေ့ဘက်ခြမ်းကို ကူးသွားလျှင် ယခင်က ကျွဲ၊ နွားများ သွားရာလမ်းရှိသဖြင့် အဆိုပါလမ်းကို ဖောက်ရန်ဖြစ်နိုင်ကြောင်း ပြောသည်။

“အရင်ကကြားဖူးတာကတော့ ကဒူးကြီးဒေသကနေ သံလွင်မြစ်အရှေ့ဘက်ကို ကူးလိုက်မယ်ဆိုရင် အရင်တုန်းက နွားတွေ၊ ကျွဲတွေ သွားတဲ့လမ်းကြောင်းတွေရှိတယ်လို့ ပြောတယ်။ အဲ့ဒီလမ်းကြောင်း ဟောင်းတွေကို ပြောတာလည်း ဖြစ်နိုင်တယ်ပေါ့နော်။ ရွာတွေ၊ လူတွေတော့ မရှိဘူး၊ တောအုပ်တွေ ဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း၌ ဆီဆိုင်မြို့ကို PNLA နှင့် ကရင်နီ ပူးပေါင်းတပ်များတိုက်ခိုက်၍ ဆီဆိုင်မြို့ရှိ ခလရ ၄၂၄ တပ်ရင်းနှင့် မြို့ပေါ်နေရာတချို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကော်မရှင်တပ်နှင့် PNO တို့က အင်အားအများအပြားဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့သောကြောင့် ၂၀၂၄ ခုနှစ် မတ်လအတွင်း၌ ဆီဆိုင်မြို့မှ ဆုတ်ခွာပေးခဲ့ကြရသည်။

Most read this week

January 28, 2026
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို...
January 27, 2026
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန်...
January 26, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့်...
January 24, 2026
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့်...