တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် ၂ ဦးအား ကာကွယ်ရေးတပ် ကူညီခေါ်ထုတ်

တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် ၂ ဦးအား ကာကွယ်ရေးတပ် ကူညီခေါ်ထုတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် နှစ်ဦးကို ကူညီခေါ်ထုတ်ပေးခဲ့ကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ထွက်ပြေးလာသည့် စစ်ကော်မရှင်တပ်သားနှစ်ဦးသည် ရန်ကုန်မြို့နှင့် ဧရာ၀တီတိုင်းမှ ဖြစ်ပြီး အသက် ၂၉ နှစ်အရွယ်နှင့် အသက် ၁၈ နှစ်အရွယ် အသီးသီးရှိပြီ ဖြစ်သည်။

၎င်းတို့နှစ်ဦးကို စစ်ကော်မရှင်တပ်က နေအိမ်ပေါ်အထိတက်ကာ ပေါ်တာဆွဲဖမ်းဆီးပြီးနောက် စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းကာ ထားဝယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

“နေအိမ်မှာ ပေါ်တာဆွဲခံရတာပါ ရှမ်းပြည်နယ်ဖုတ်ကုန်းမှာ သင်တန်းသုံးလ တက်ခဲ့ရပြီး ထားဝယ် ခလရ (၂၆၇)တပ်ရင်းမှာ တလလောက်နေပြီး ကျောက်နီမော် မိုင်ကရိုဝေ့တောင်ပေါ်ကို ပို့ဆောင်တယ်။  အဲ့ဒီ့ကို ရောက်တော့ အနိုင်ကျင့်ညှဥ်းပန်းမှုတွေရယ်၊ စကစအတွက် တာဝန်မထမ်းဆောင်ချင်တာကြောင့်  ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းလောက်က အဆက်သွယ်မရှိဘဲ ထွက်ပြေးလာခဲ့တာပါ” ဟု တပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

စစ်မှုထမ်းတပ်သား နှစ်ဦးသည် ၎င်းတို့ ကိုင်ဆောင်သည့် MA 1 နှစ်လက် ၊ကျည်ဘောက် နှစ်ခုနှင့် ကျည် ငါးဆယ်ကိုပါ ယူဆောင်ထွက်ပြေးလာခြင်း ဖြစ်သည်။

 

ထိုသို့ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားသစ် နှစ်ဦးကို  ပြည်သူတဦးက တွေ့ရှိပြီး လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ထံ အကြောင်းကြားလာသည့်အတွက် အမြန်ဆုံးကူညီခေါ်ထုတ်ခဲ့ကြောင်း သိရသည်။

 

“သူတို့ထွက်ပြေးလာတာ လက်နက်တွေပါလာတဲ့အတွက် ကျနော်တို့တပ်ဖွဲ့က တယောက်ကို ဆုငွေ သိန်း ၃၀ ကျပ်စီ ချီးမြှင့်ခဲ့ပါတယ်။ အခုတော့သူတို့ကို လုံခြုံစိတ်ချရတဲ့ နေရာမှာ ပို့ဆောင်ထားရှိပေးထားပါတယ်” ဟု တပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

 

တော်လှန်ရေးနှင့် စစ်ရေးအရှိန်မြင့်လာခြင်းနှင့်အတူ ပြည်သူ့ဘက်ရပ်တည်လိုသည့် စစ်ကော်မရှင် တပ်သားများအနေဖြင့် ပြည်သူ့ရင်ခွင်ထံ အမြန်ဆုံးပူးပေါင်းပေးကြရန်လည်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့က တိုက်တွန်းထားသည်။

 

လောင်းလုံးမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များအကြား ယခုရက်ပိုင်း ထိတွေ့တိုက်ပွဲမရှိသော်လည်း မြို့နယ်အတွင်းတွင် စစ်ကြောင်းတကြောင်းရှိနေပြီး လေကြောင်းမှတဆင့် တိုက်ခိုက်မှုများလည်းရှိနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
June 19, 2026
မောင်ခက်နွေ — လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့်...
ကလေးမြို့ပြင်သာ သုဿန်တွင် နာရေးပြုလုပ်နေစဥ် (ပုံဟောင်း /ကာယကံမေတ္တာလူမှုကူညီရေးအ သင်း) ။
June 18, 2026
ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုတပ်က အမျိုးသားတဦးကို သတ်ဖြတ်ပြီး...
June 17, 2026
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၁၆ ရက်က ပေကျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်...