တရုတ်-ကချင် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပြီး တစ်လနီးပါးအကြာ၌ KIO နယ်မြေအတွင်း စက်သုံးဆီကားများ စတင်ဝင်ရောက်လာပြီ ဖြစ်သော်လည်း နယ်စပ် ကုန်သွယ်ရေးမှာ တင်းကျပ်မှုများ ရှိနေဆဲဟု ဒေသခံများက ပြောသည်။
တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် တရုတ်-ကချင်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ တစ်လနီးပါး ရှိလာချိန်တွင် လိုအပ်ချက်များနေသည့် စက်သုံးဆီ တင်ဆောင်လာသော ယာဉ်များ စတင်ဝင်ရောက်ခွင့် ရရှိလာပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တာဝန်ရှိသူက ပြောသည်။
ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သော စက်သုံးဆီ ကိစ္စနှင့် ပတ်သက်၍မူ လိုင်ဇာ-နားပန်းဖက်သို့ အနည်းငယ် ဝင်ရောက်လာသည်ကို တွေ့ရသည်ဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“လိုင်ဇာ-နားပန်းဖက်မှာတော့ ဆီက နည်းနည်းပါးပါးတော့ ဝင်ပါတယ်။ သူတို့ ကုမ္ပဏီတွေ သုံးဖို့ဆိုပြီးမှ ဝင်တာလား၊ ဒါမှ မဟုတ် တကယ့် ဒီမှာ စီးပွားရေး လုပ်ဖို့ အရောင်းအဝယ်လုပ်ဖို့ ဝင်တာလာတော့ ကျနော်တို့ သဲသဲ ကွဲကွဲတော့ မသိဘူး။ ဆီဘောက်ဆာတွေတော့ တွေ့ရပါတယ်။ ဒါပေမယ့် ဘက်ထရီနဲ့ ပတ်သက်တာတွေ၊ လျှပ်စစ်နဲ့ ပတ်သက်တာတွေ ဘာမှ မဝင်ဘူး။”
လိုင်ဇာ၊ မန်ဝိန်းကြီး အပါအဝင် ဂိတ်အားလုံးနီးပါး ပြန်ဖွင့်ထားသော်လည်း တရုတ်ဘက်မှ ကုန်သွယ်ရေးကို တင်းကျပ်သော အကန့်အသတ်များဖြင့် ချုပ်ကိုင်ထားဆဲဖြစ်သည့်အတွက် စီးပွားရေးအခြေအနေမှာ အေးစက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ နယ်စပ်ဂိတ်များကို အောက်တိုဘာလ ၂၄ ရက်နေ့ ညသန်းခေါင်ကစတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး၊ မန်ဝိန်းကြီး၊ လွယ်ဂျယ်၊ လိုင်ဇာ၊ ကံပိုင်တည်၊ ပန်ဝါ၊ ဖီမော်အပါအဝင် နယ်စပ်ဂိတ်အားလုံးနီးပါး ပါဝင်သည်။
သို့သော် KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောဆိုချက်အရ စီးပွားရေးလုပ်ငန်း များမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်သည့် အခြေအနေကို ပြန်မရောက်သေးဘဲ၊ တရုတ်ဘက်မှ ကုန်သွယ် ရေးကို အကန့်အသတ်များဖြင့် ချုပ်ကိုင်ထားဆဲဖြစ်သဖြင့် လက်ရှိ စီးပွားရေးအခြေအနေမှာ အေးစက်နေဆဲ ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ဘိလပ်မြေနှင့် သံများကဲ့သို့သော အိမ်ဆောက်ပစ္စည်း အခြေခံကုန်ပစ္စည်းများသာ စတင်ဝင်ရောက် လာသည်ကို တွေ့ရသည်။
စက်သုံးဆီ အနည်းငယ် ဝင်ရောက်လာခြင်းသည် ဒေသတွင်းကို အထောက်အကူ ဖြစ်စေနိုင်သော်လည်း၊ ခေတ်မီ သော လျှပ်စစ်ပစ္စည်းနှင့် ဘက်ထရီကဲ့သို့သော ပစ္စည်းများကို တရုတ်ဘက်မှ ပိတ်ပင်ထားဆဲဖြစ်ရာ နယ်စပ် ကုန်သွယ်ရေး မျှော်မှန်းချက်များမှာ အကန့်အသတ်များဖြင့်သာ ရှိနေဆဲဖြစ်သည်။
လွယ်ဂျယ်ဒေသခံတစ်ဦးက “ဂိတ်တွေပြန်ဖွင့်လိုက်တယ် ဆိုကတည်းက ည ဘာပဲဖြစ်ဖြစ် ကျနော်တို့ ပြည်သူ တွေအတွက်က ကချင်ပြည်နယ်ထဲမှာ နေတဲ့သူတွေအတွက်၊ နယ်စပ်မှာရှိကြတဲ့သူတွေအတွက်က မကြာခင် အဆင်ပြေသွားဖို့ မျှော်လင့်တာပေါ့နော်။ အခုက ဂိတ်တွေ ပိတ်ထားတော့ ကုန်အဝင်အတွက်တွေ ကန့်သတ် ထားတော့ ကုန်ပစ္စည်းတွေကလည်း စျေးအရမ်းတက်တယ်နော်။ ဒါကြောင့် အခုတော့ ဈေးနှုန်းတွေ ပြန်ကျ သွားဖို့ မျှော်လင့်ထားတယ်” ဟု ပြောသည်။
ထို့အတူ၊ နယ်စပ်ဂိတ်များ ပြန်ဖွင့်လိုက်ခြင်းကြောင့် ကချင်ပြည်အတွင်း နေထိုင်သူများအတွက် ကုန်ပစ္စည်း ရှားပါးမှုနှင့် ကုန်ဈေးနှုန်းမြင့်မားမှုကို သက်သာစေမည်ဟု ဒေသခံများက မျှော်လင့်နေကြသည်။
သို့ရာတွင် ခေတ်မီသော လျှပ်စစ်ပစ္စည်းနှင့် ဘက်ထရီကဲ့သို့သော ပစ္စည်းများကို ပိတ်ပင်ထားဆဲဖြစ်ပြီး၊ လူဝင်လူထွက်ကိစ္စတွင်လည်း တရုတ်စျေးသည်များ ဝင်ရောက်မှုရှိသော်လည်း မြန်မာဘက်မှ လူများ ဝင်ထွက် သွားလာခွင့်မှာ နည်းပါးနေဆဲ ဖြစ်သည်။







