ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီး ၃ ဦးသေဆုံး

ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီး ၃ ဦးသေဆုံး
Photo credit - Satt Naung
Photo credit - Satt Naung

သျှမ်းပြည်တောင်ပိုင်း ကရင်နီအစပ် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ဘောရန်ကျေးရွာအနီး တောင်ယာမှ ပြန်လာသည့် စစ်ဘေးရှောင် ၇ ဦးအဖွဲ့ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ရှောင်ပြည်သူ ၇ ယောက်မှာ ၃ ယောက်က လက်နက်ကြီးထိပြီး ဆုံးသွားတယ်။ တောင်ယာ သွားရင်း သူတို့ လက်နက်ကြီးနဲ့ ပစ်ခံရတာ။ အဲဒီနေ့မှာ ထိတွေ့ တိုက်ပွဲတွေလည်း ဖြစ်နေတယ်လေ။ စစ်ကောင်စီ ဘက်ကလည်း လက်နက်ကြီးတွေ နေ့တိုင်းလိုလို လျှောက်ပစ်နေတာ” – ဟု အဆိုပါ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ထိမှန်သေဆုံးသွားသည့် အမျိုးသမီး ၃ ဦးသည် အသက် (၆၀) အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၂၀ နှင့် ၃၀ ကြား အမျိုးသမီး (၂) ဦးတို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဘောရန်ကျေးရွာတစ်လျှောက်၌ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နေ့စဉ်နီးပါး တိုက်ပွဲများ ပြင်းထန်နေကြောင်း ၎င်းက ဆက်ပြောသည်။

“၃ ရက် ၄ ရက် ဆက်တိုက်ပဲ ဖြစ်နေတာ တိုက်ပွဲကတော့ နေ့တိုင်းလိုလိုပဲ။ သူတို့ဘက်က ဒရုန်းတွေ အရမ်းသုံးတယ်။ လက်ရှိ တိုက်ပွဲတွေကလည်း ပြင်းတယ်လို့ ပြောရမယ်။ သူတို့ဘက်ကလည်း အထိအခိုက်နဲ့ သေဆုံးတာတွေ များသလို၊ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်တာတွေတော့ ရှိပါတယ်” – ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်နှင့် ဒုတိယပတ်တွင်လည်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ တောင်စလုံးကျေးရွာ၊ မြောက်စလုံးကျေးရွာနှင့် ဘောရန်ကျေးရွာတစ်ကြောကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းစစ်ကြောင်းများ ကျေးရွာအတွင်း ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...