မွန်ပြည်နယ်မှာ စပါးသယ်မှု ကန့်သတ်ချက်ကြောင့် တောင်သူတွေ ဝယ်လက်ပျောက်

မွန်ပြည်နယ်မှာ စပါးသယ်မှု ကန့်သတ်ချက်ကြောင့် တောင်သူတွေ ဝယ်လက်ပျောက်
Photo credit - CJ
Photo credit - CJ

မွန်ပြည်နယ်မှာ စစ်ကော်မရှင်ရဲ့ နယ်ကျော် စပါးသယ်ယူမှု ကန့်သတ်ချက်ကြောင့် ဝယ်လက်မရှိဘဲ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ စပါးစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရင်က မိုးစပါးထွက်ရှိချိန်မှာ စပါးပွဲစားတွေ လာရောက် ဝယ်ယူကြပေမယ့် ဒီနှစ်မှာတော့ စစ်ကော်မရှင် လက်အောက်ခံတွေက မြို့နယ်ကျော် စပါးသယ်ယူမှုတွေကို ဖမ်းဆီးတာ၊ ငွေကြေး အဆမတန် တောင်းခံတာတွေ လုပ်ဆောင်နေတာပါ။

နယ်ကျော် စပါးသယ်ယူမှုအပေါ် ဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်းခံတာတွေ ပြုလုပ်နေတဲ့အတွက် စပါး ဝယ်ယူသူတွေဟာ စပါးဈေးနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် ကိုက်ညီမှု မရှိတာကြောင့် အရင်လို မဝယ်ယူ ကြတော့တဲ့အတွက် တောင်သူတွေ စပါးရောင်းဖို့ အခက်ကြုံနေရပါတယ်။

“စပါးဝယ်လက် မရှိဘူး။ ဝယ်လက် မရှိရတဲ့ အကြောင်းအရင်းက ကုန်သည်တွေ ကျွန်တော်ကို ပြောသွားတဲ့ စကားက မျောတွေ ထောက်ခံစာတွေ အကုန်လုံး ရှိတာတောင် တစ်ဂိတ်ကို ပိုက်ဆံ ဘယ်လောက် ဘယ်လောက်ဆိုပြီး ကျွန်တော်တို့ ပေးရတယ်တဲ့။ ဒီကြားထဲ မပေးရင် ပေးမဝင်ဘူး။ကုန်သည်တွေမှာလည်း အခက်အခဲ ရှိတယ်။ဒါကြောင့်မို့ ကုန်သည် တွေကလည်း ဝယ်လက် စပါးဈေးသာ ကျနေတာ ဝယ်သူ မရှိသလောက် ဖြစ်နေတယ်”လို့ တောင်သူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိ မိုးစပါး ထွက်ရှိချိန် ဖြစ်ပေမယ့် ဝယ်ယူသူ မရှိတာကြောင့် တောင်သူတွေအနေနဲ့ စပါးတွေကို ဒီအတိုင်း ပုံထား ရသလို တချို့ တောင်သူတွေဟာ ရိတ်သိမ်းခပေးဖို့အတွက်တောင် စပါး ရောင်းမထွက်တာကြောင့် အတိုးကြီးကြီး ပေးပြီး လိုက်လံ ချေးငှား ပေးချေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။

တောင်သူတွေဟာ မိုးစပါး စိုက်ပျိုးစဉ်က ထွန်ယက်ခ၊ မျိုးစပါးခ၊ ဓာတ်မြေဩဇာခ၊ စိုက်ပျိုး ရိတ်သိမ်းခတွေအပြင် အထွေထွေ ကုန်ကျ စရိတ် ကြီးမြင့်မှုတွေနဲ့ စိုက်ပျိုး ခဲ့ကြပေမယ့် အထွက်နှုန်း နည်းတာ၊ အချိန်အခါ မဟုတ် မိုးရွာသွန်းတာ တွေကြောင့်လည်း ပျက်စီး ဆုံးရှုံးမှု များခဲ့တာပါ။

အခုလို တောင်သူတွေ အခက်အခဲများစွာ ရှိနေချိန် စပါးဈေးမရတဲ့အပြင် စစ်ကော်မရှင် လက်အောက်ခံတွေကြောင့် စပါး ဝယ်လက်တွေပါ ပျောက်နေပေမယ့် စစ်ကော်မရှင်ကတော့ တောင်သူတွေရဲ့ အခက်အခဲကို ဖြေရှင်း ပေးတာမရှိဘူးလို့ တောင်သူတွေက ဆိုပါတယ်။

တဖက်မှာ အာဏာသိမ်း စစ်ကော်မရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မိမိတို့ နိုင်ငံမှာ စပါး စိုက်ပျိုးမှု အပါအဝင် ပန်းတိုင် ရည်မှန်းချက် ပေးထားတဲ့ သီးနှံတွေကို တစ်ဧက အထွက်နှုန်း ပြည့်မီအောင် စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်း မရှိတဲ့ အတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ဆုံးရှုံးနေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က မော်လမြိုင်ကို လာရောက်စဉ် တောင်သူတွေကို အပြစ်ဖို့ပြောဆိုခဲ့တာပါ။

မွန်ပြည်နယ်ဟာ မိုးစပါး စိုက်ပျိုးမှုအနေနဲ့ ဧကပေါင်း ၇ သိန်းနီးပါး စိုက်ပျိုးကြတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး နှစ်စဉ် စပါး တင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိကာ ထွက်ရှိလာတဲ့ စပါးတွေကိုတော့ ဆန်ချော ထုတ်လုပ်ပြီး ဒေသတွင်းအပြင် တခြား တိုင်းနဲ့ ပြည်နယ်တွေကို တင်ပို့ ရောင်းချ နေတာပဲ ဖြစ်ပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...