ကျားဖြန့်နှိမ်နှင်းရေး အထူးစစ်ဆင်ရေးပွဲကြီး စပြီဟု BGF စစ်ကြေညာ

ကျားဖြန့်နှိမ်နှင်းရေး အထူးစစ်ဆင်ရေးပွဲကြီး စပြီဟု BGF စစ်ကြေညာ
Photo credit - CJ
Photo credit - CJ

ကရင်ပြည်နယ် မြဝတီမြို့ရှိ ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက် အခြေစိုက်လုပ်ကိုင်နေသည့် တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် များကို အထူးစစ်ဆင်ရေး တရပ်အဖြစ် နှိမ်နှင်းသွားမည်ဟု ကရင်နယ်ခြားစောင့်တပ်-BGF က တရားဝင် “စစ်ကြေညာ” လိုက်သည်။

ယနေ့ နိုဝင်ဘာ ၁၇ ရက်တွင် ထိုင်းမီဒီယားများနှင့် တွေ့ဆုံစဉ် BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျားဖြန့်နှိမ်နှင်းရေး အထူးတပ်ဖွဲ့အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ စီမံခန့်ခွဲမှုကနေပြီးတော့မှ ကျနော်တို့ ဒီ ကျားဖြန့်နှိမ်နှင်းရေး အထူးစစ်ဆင်ရေးပွဲကြီး ကို စပြီပေါ့။ စတင် အကောင်အထည်ဖော်တော့မယ်” ဟု BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

၎င်းအပြင် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် အဆောက်အအုံများကိုလည်း ဖျက်ဆီး မသွားဘဲ အိုးအိမ်မဲ့ပြည်သူများ နေထိုင်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စနစ်တကျ စီမံခန့်ခွဲ သွားမည်ဟုလည်း ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆက်ပြောသည်။

“ဒါကို လုံးဝ ပပျောက်သွားသည်အထိ ရက်ပိုင်းအတွင်းမှာပဲ ပြီးဆုံးသွားမယ်။ နောက်ထပ်ဆိုတာ မရှိတော့ဘူး။ ဒီတခါ အပြီးတိုင် ဖယ်ရှားရှင်းလင်းတော့မှာပါ။ ကျနော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ပြည်နယ်ရဲ့ ဂုဏ်သိက္ခာ၊ လူမျိုးရဲ့ ဂုဏ်သိက္ခာ၊ တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ၊ ကျနော်တို့ အကြီးအကဲရဲ့ ဂုဏ်သိက္ခာ။ ဂုဏ်သိက္ခာ ငါးခုအတွက် ကျားဖြန့်နှိမ်နှင်းရေးကို မဖြစ်မနေ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အချိန်ပေါ့” ဟု ၎င်းက ပြောသည်။

ဆက်လက်၍ အိမ်နီးချင်းနိုင်ငံများနှင့် အခြား နိုင်ငံကြီးများအနေဖြင့်လည်း ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နှင်းရာတွင် ပူးပေါင်းပါဝင်ရန် BGF တပ်ဖွဲ့က ဖိတ်ခေါ်လိုက်သည်။

BGF တပ်ဖွဲ့အနေဖြင့် ရွှေကုက္ကိုလ်ဒေသက ကျားဖြန့်လုပ်ငန်းများကို ယခုနှစ် မတ်လတွင် စတင်နှိမ်နှင်းခဲ့သည်။

၎င်းတို့အနေဖြင့် ကျားဖြန့်လုပ်ငန်းများတွင် ရှယ်ယာမပါဘဲ မြေနေရာ ငှားရမ်းထားခြင်းသာ ဖြစ်ကြောင်း BGF ဘက်က တုံ့ပြန်ထားသည်။

ယနေ့ ထိုင်းမီဒီယာနှင့်တွေ့ဆုံရှင်းလင်းပွဲတွင် ရွှေကုက္ကိုလ်ဝန်းကျင်၌ ကျားဖြန့်လုပ်ငန်း ပြန်လည်ဝင်ရောက်လုပ်ကိုင်နေသူ နှစ်ထောင်ဝန်းကျင် ခန့် ရှိကြောင်းလည်း BGF ဘက်က ပြောသည်။

ယခုနှစ် မတ်လမှစပြီး ကျားဖြန့်လုပ်ငန်းများတွင် လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၉,၀၇၅ ဦး ကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး လွှဲပြောင်းပေးရန် ၁,၂၆၇ ဦး ကျန်ရှိနေသေးကြောင်းလည်း BGF တပ်ဖွဲ့က ဆိုသည်။

သက်ဆိုင်ရာ နိုင်ငံများအနေဖြင့်လည်း မိမိနိုင်ငံသားများကို အမြန်ဆုံး ပြန်လည် ခေါ်ဆောင်ရန် BGF ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းလိုက်သည်။

April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...
April 8, 2026
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ နယ်ခြားစောင့်တပ် (BGF) မှ အသွင်ပြောင်းထားသော ကရင်အမျိုး...
Photo: CJ
April 7, 2026
ကရင်ပြည်နယ်ကိုဖြတ်သန်း၍ မြဝတီနယ်စပ်အထိ ဖောက်လုပ်ထားသော အာရှလမ်းမကြီး တောင်ပေါ်လမ်းပိုင်းနေရာ(၄)...
April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...