ပေါက်မြို့နယ်တွင် စစ်ကော်မရှင်တပ် စစ်ကြောင်းရန်ကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်

ပေါက်မြို့နယ်တွင် စစ်ကော်မရှင်တပ် စစ်ကြောင်းရန်ကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်
Photo credit - CJ
Photo credit - CJ

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေ၍ ဒေသခံ ဦးရေ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

ဆိပ်ဖြူ ကပစ (၂၁) နှင့် (၂၂) မှ လာသည့် စစ်ကြောင်းများသည် အောက်တိုဘာလ နှောင်းပိုင်းမှ စတင်ကာ ပေါက်မြို့နယ် တောင်ဘက်ခြမ်းတွင် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

မြိုင်မြို့နယ်၊ စက်မှု (၂) မှ ထွက်လာသည့် စစ်ကြောင်းသည် ယနေ့(နိုဝင်ဘာ ၁၇ ရက်) နံနက် ၉ နာရီခွဲ အချိန်တွင် ပေါက်မြို့နယ်၊ မြောက်ပိုင်းကို စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ယင်းစစ်ကြောင်း နှစ်ကြောင်းတွင် အင်အား ၁၀၀ ခန့်စီ ပါဝင်ကြောင်း ဒေသခံများက ဆိုသည်။

“ဆောင်းပဲတွေ သိမ်းချိန်မှာ မရိတ်သိမ်းနိုင်ဘဲ စစ်ရှောင်လာရတယ်။ ဆောင်းရာသီ ဖြစ်တဲ့အတွက် စစ်ရှောင်ရမှာ ရာသီဥတု အအေးဒဏ်တွေခံရတယ်။ အာ့ထက်ဆိုးတာကတော့ စိတ်သောကတွေ ၊ စိတ်ဒဏ်ရာတွေ ဖြစ်တယ်။ အထူးသဖြင့် ထိလွယ်ရှလွယ် ဖြစ်တဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ပိုဆိုးရတယ်” ဟု ပေါက်မြို့နယ် ဒေသခံပြည်သူတဦးက မဇ္ဈိမကို ပြောသည်။

စစ်ကြောင်း တကြောင်းသည် ရေနံမြေ လုပ်ကွက်များ နှင့် လေးမိုင်ခန့်အကွာသို့ ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ စစ်ကော်မရှင်တပ် စစ်ကြောင်းများကြောင့် ပေါက်မြို့နယ် အတွင်းက ကမ္ဘားဖြူ၊ တဲကြီး၊ ကန်သစ်၊ ထန်းပေါက်ကုန်း၊ ဖလံကုန်း စတဲ့ကျေးရွာများအပါ ရွာ ၂၀ မှ ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရခြင်း ဖြစ်သည်။

“စစ်ကြောင်းက ဖမ်းဆီးမိတဲ့ သူတွေကို ရွာတွေကနေ ထွက်မပြေးဖို့နဲ့ အေးဆေး တွေ့ဆုံဖို့ စည်းရုံးတယ်။ သူတို့ရဲ့ စည်းရုံးမှုကို နားထောင်ပေးတဲ့သူတွေကို မုန့်ဖိုးပေးတယ်။ ပြီးတော့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတဲ့ ပုံစံမျိုးနဲ့ လက်မှတ်ထိုးခိုင်းတာတွေ ရှိတယ်” ဟု မြိုင်မြို့နယ် အညာမြေတပ်ပေါင်းစုထံက သိရသည်။

ယင်းစစ်ကြောင်း၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အမျိုးသမီး တဦးအပါ ဒေသခံ စစ်ရှောင် ပြည်သူ ငါးဦးသေဆုံးပြီး၊ နေအိမ် ၂၅ လုံးခန့် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...