စစ်ကောင်စီ ရွေးကောက်ပွဲကို တော်လှန်ရေးလမ်းစဉ်အတိုင်း ဆန့်ကျင်သွားမယ့်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြော

စစ်ကောင်စီ ရွေးကောက်ပွဲကို တော်လှန်ရေးလမ်းစဉ်အတိုင်း ဆန့်ကျင်သွားမယ့်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြော
Photo credit - တော်လှန်ရေးတပ်ဖွဲ့
Photo credit - တော်လှန်ရေးတပ်ဖွဲ့

ရွေးကောက်ပွဲကို အပိုင်း (၃)ခုနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက ကချင်ပြည်နယ်ထဲက မြို့နယ် (၉) နေရာလောက်မှာ ကျင်ပဖို့ ပြင်ဆင်နေတာဖြစ်ပြီး မြို့နယ်တစ်ချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ် နယ်မြေထဲ ပါဝင်နေပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ အပိုင်း(၁) ကြေညာချက်မှာ မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး မြို့နယ်(၆)ခုပါဝင်ပြီး အောက်တိုဘာလ (၂၈) ရက်နေ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ရွေးကောက်ပွဲ အပိုင်း(၂) ကြေညာချက်ထဲမှာ မချမ်းဘော၊ မိုးကောင်းနဲ့ ဝိုင်းမော်မြို့နယ်တို့ပါဝင်လာပါတယ်။

ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ်ရှိတဲ့ ထဲကနေ မြို့နယ် ထက်ဝက်ခန့် ၉ နေရာလောက်မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပြီးဖြစ်တဲ့ ခေါင်လန်ဖူးနဲ့ ဝိုင်းမော်မြို့နယ်တွေက KIA ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်သလို အဓိက တိုက်ပွဲနေရာလည်း ဖြစ်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး အာဏာရှင်ကျဆုံးဖို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ဆက်လက်ပြီး ဆန့်ကျင်တော်လှန်သွာမှာဖြစ်တယ်လို့ ဖားကန့် KPDF တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေက တော်လှန်ရေးလမ်းစဉ်အတိုင်း ဆက်ပြီးသွားမှာ ဖြစ်တယ်။ စစ်တပ်က ရွေးကောက်ပွဲကို အပြလုပ်ပြီး အစိုးရတစ်ရပ်ဆိုပြီး အုပ်ချုပ်ရေးတွေဖွဲ့လာလိမ့်မယ်။ အဲဒီအခါမှာ ပြဿနာတွေ ကြီးကြီးမားမားတွေ ထွက်လာမယ်။ စစ်တပ်က ထွက်ပေါက်ရှာချင်တဲ့ သဘောအနေနဲ့၊ ပြီးရင် အာဏာရှင်ကို ဆွဲဆန့်နိုင်သလောက် ဆွဲဆန့်နေတယ်။ အဲထဲမှာ အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်အမတ်တွေကို ထိုးကျွေးတဲ့သဘောမျိုးပါပဲ။ ဒါကို ကျနော်တို့ဘက်က လုပ်စရာရှိတာဆက်လုပ်သွားမှာပါပဲ”လို့ ပြောပါတယ်။

KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာက ရွေးကောက်ပွဲကျင်းပဖို့ ဖြစ်မလာနိုင်ဘူးလို့ လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ချို့က မှတ်ချက်ပြုနေပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြစ်ကြီးနား တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဖြစ်ခဲ့ရင်လည်း ခုလို တရားမဝင်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့ကော KIO/KIA ဥက္ကဋ္ဌ ကိုယ်တိုင်လည်းရှင်းရှင်းလင်းလင်းပြောထားပြီဖြစ်တယ်။ ဒီအပေါ်မှာ ပြည်သူတွေက ဘာလုပ်ရမလဲဆိုတာသိပြီးသားပါ”လို့ပြောပါတယ်။

ကချင်ပြည်နယ်ထဲမှာ နောက်ထပ် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်ခရိုင်ထဲက မိုးမောက်၊ မံစီနဲ့ ဖားကန့် ဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။

ဒါပေမယ့် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ပါဝင်တာမတွေ့ရသေးပါဘူး။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲတစ်ခုအနေနဲ့သာ ဖြစ်မြောက်သွားနိုင်ပေမယ့် တစ်ဖက်မှာ ကချင်ပြည်နယ်ရဲ့ စစ်ရေးကပိုပြီး ပြင်းထန်လာနိုင်တယ်လို့လည်း ကချင်နိုင်ငံရေးသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“တကယ်လို့ ရွေးကောက်ပွဲပြီးသွားရင်တောင် အရင်တုန်းကလို လွှတ်တော်ကိုယ်စားလှယ်တွေ စုံစုံလင်လင် ထိုင်နိုင် တွေ့နိုင်ဖို့က ဒါက မဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ကချင်ထဲမှာဆိုရင် ၉ နေရာလောက်မှာ လုပ်ဖို့ ကြေညာထားတယ်။ တော်တော်များများနေရာတွေမှာက မလုပ်နိုင်တော့ တဝက်လောက်က လွှတ်တော် ကိုယ်စားလှယ်တွေ မရောက်နိုင်တော့ဘူး။ အဲ့လို မစုံမလင်နဲ့ လုပ်သွားဖို့ ပြင်ဆင်နေတယ်။ အဲ့တော့ ဘာဖြစ်လာနိုင်သလဲဆိုတော့ အစိုးရတစ်ရပ်ဆိုပြီး ရှိလာမယ် ဒါပေမယ့် တိုက်ပွဲက ပိုပြီး ဖြစ်လာနိုင်ပါတယ်”လို့ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အထူးစိုးရိမ်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၉) နှစ်ပြည့် KIO အထိန်းအမှတ်နေ့မှာ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ လည်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးယန္တရားအောက်မှာ ရှိနေတဲ့ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပူးပေါင်းပါဝင်လိုက်တာဟာ တစ်တိုင်းပြည်လုံးမှာ နေထိုင်ကြတဲ့ ပြည်သူလူထုအားရဲ့ ဘဝကံကြမ္မာကို အဆုံးအဖြတ်ပေးလိုက်တာဖြစ်တယ်လို့ သတိပေး တိုက်တွန်းပြောဆိုထားပါတယ်။

တစ်ဖက်မှာ စစ်တပ်အနေနဲ့လည်း ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ်ထားတဲ့ မြို့၊ ကျေးရွာနေရာတွေမှာ ရဲ၊ စစ်သား အင်အားတွေ အသုံးပြုပြီး ပိတ်ဆို့ကန့်သတ်တာတွေ လုပ်ဆောင်ကာ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတာလည်းတွေ့ရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ဆန့်ကျင်နှောက်ယှက်သူတွေကို ကြီးလေးတဲ့ထောင်ဒဏ်အပြင် သေဒဏ်အထိပါ ချမှတ်နိုင်တဲ့ ဥပဒေတစ်ရပ်ကိုလည်း စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ကချင်ပြည်နယ်အတိုင်းအတာနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီ ၄ ခုတွေ့ရပြီး ရွေးကောက်တင်းမြောက်ခံရမယ့် ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စားရင်းနဲ့တကွ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတွေ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်လူထုရဲ့ ထောက်ခံမှုအားကောင်းခဲ့တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ – KSPP ၊ ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီ ၄ ခုဖြစ်ပါတယ်။

ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ပြည်နယ်ပါတီ ၄ ခုအပြင် ပြည်ထောင်စုအဆင့်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၊ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ပြည်သူ့ပါတီ စတဲ့ ပါတီစုစုပေါင်း ၈ ခုခန့်က ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။

စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေကို မဲအများဆုံးရသူ အနိုင်ရသူစနစ်နဲ့ FPTP စနစ်ကိုကျင့်သုံးသွားမှာဖြစ်ပြီး အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာတော့ FPTP စနစ်အပြင် အချိုးကျစနစ် PR စနစ်နဲ့ ကျင့်သုံးသွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပေမယ့်လည်း တစ်ဖက်မှာ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချပြီး ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ရုံသာမက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLDပါတီအပါအဝင် ပါတီပေါင်း ၄၀ ကို ဖျက်သိမ်းထားပြီး ကျင်းပမယ့် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်လို့ ကုလသမ္မဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်အပါအဝင် ဒီမိုက ရေစီစနစ်ကိုကျင့်သုံးတဲ့ နိုင်ငံတစ်ချို့က မှတ်ချက်ပြုကြပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...