တိုင်းရင်းသားအချင်းချင်းကြား သွေးခွဲစေမည့် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်မှု မလုပ်ကြရန် “ဝ”၊ တအာင်း၊ မွန် လူငယ်များ ထုတ်ပြန်

တိုင်းရင်းသားအချင်းချင်းကြား သွေးခွဲစေမည့် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်မှု မလုပ်ကြရန် “ဝ”၊ တအာင်း၊ မွန် လူငယ်များ ထုတ်ပြန်

စစ်ကော်မရှင်မှ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲသည် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် တရားဝင်ဖြစ်အောင် ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မွန်ခမာအုပ်စု ဖြစ်ကြသည့် “ဝ”၊ တအာင်း၊ မွန် လူငယ်များက ယမန်နေ့တွင် ပူးတွဲထုတ်ပြန် ကြေညာလိုက်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကော်မရှင်မှ တရားမဝင် ပြည်သူ့အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ အရပ်သားများ၏ နေအိမ်များနှင့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ နေ့စဉ်နှင့်အမျှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခြင်းနှင့် ပြည်သူများအား လူမဆန်စွာ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးအကျဉ်းချခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းများကို ပြည်သူများမှ နေ့စဉ်နှင့်အမျှ ခါးသည်းစွာ ခံစားလာကြကြောင်း ဆိုသည်။

ထိုသို့ ရာဇဝတ်များ ကျူးလွန်နေသည့် စစ်ကော်မရှင်သည် “နိုင်ငံတော်တည်ငြိမ်ရေး” ဟု အကြောင်းပြကာ လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အတုအယောင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်လျက်ရှိသည်။

စစ်တပ်၏ သမိုင်းတစ်လျှောက် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲတိုင်းသည် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် တရားဝင်ဖြစ်အောင် ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် တိုင်းရင်းသားအင်အားစုများ အချင်းချင်းကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေရေး၊ သွေးခွဲရေးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို လှည့်စားကာ တရားဝင်ရရှိရေးအတွက်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်ကြောင်း “ဝ”၊ တအာင်း၊ မွန် လူငယ်များက ဆိုသည်။

ထို့အပြင် စစ်ကော်မရှင်ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ဝန်းရံခြင်း (သို့မဟုတ်) ပါဝင်ခြင်းသည် ပြည်သူ့တော်လှန်ရေး၏ ရည်မှန်းချက်နှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်ကို ဆန့်ကျင်ရာရောက်သည့်အတွက်ကြောင့် ပူးပေါင်းပါဝင်မှု မလုပ်ဆောင်ကြရန် အဆိုပါလူငယ်များက တိုက်တွန်းထားသည်။

အလားတူ တရုတ်အစိုးရအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြင်ပနိုင်ငံမှ အိမ်နီးချင်း ရင်းနှီးမြုပ်နှံသူအားလုံး စစ်ကော်မရှင်မှ ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအား နည်းပညာအရ ပံ့ပို့ကူညီခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ပူးပေါင်းပါဝင်ခြင်း၊ အသိအမှတ်ပြုခြင်း စသည့် ပံ့ပိုးဆောင်ရွက်မှုများ မလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

မွန်ခမာအုပ်စုဖြစ်ကြသည့် “ဝ”၊ တအာင်း၊ မွန် လူငယ်များသည် အကြမ်းဖက်စစ်တပ် အာဏာသက်ဆိုး ရှည်စေမည့် မည်သည့်လုပ်ရပ်မျိုးများကိုမဆို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

January 16, 2026
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့်...
January 15, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်...
January 14, 2026
စိုင်းဆိုင်အိုက် — မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏...
January 13, 2026
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ...