သျှမ်း-ကယားစစ်ရှောင် ၅၀၀၀ ကျော် အမိုးအကာနှင့် ဆောင်းရာသီသုံးပစ္စည်းများ အရေးတကြီးလိုအပ်နေ

သျှမ်း-ကယားစစ်ရှောင် ၅၀၀၀ ကျော် အမိုးအကာနှင့် ဆောင်းရာသီသုံးပစ္စည်းများ အရေးတကြီးလိုအပ်နေ
Photo credit - Dove KK
Photo credit - Dove KK

သျှမ်းပြည်တောင်ပိုင်း သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ထောင်ဂဏန်း အတွက် နေရာထိုင်ခင်း (အမိုးအကာ)၊ ဆောင်းရာသီ အသုံးအဆောင်ပစ္စည်းများနှင့် အခြားအကူအညီများ ဆက်လက်လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ ဖယ်ခုံ-ပင်လောင်း နယ်စပ်တစ်လျှောက်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းစစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ နီးစပ်ရာ ကျေးရွာများနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ ဆောင်းကာလ နေရာထိုင်ခင်းအတွက် အကူအညီများ အရေးတကြီး လိုအပ်နေသည်ဟု သိရသည်။

လက်ရှိ တကွဲတပြား ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် တဲအိမ်များ တည်ဆောက်ရာတွင် အမိုးအကာ (မိုးကာစ) အကူအညီများ ဆက်လက်လိုအပ်နေကြောင်းကို စစ်ဘေးရှောင် ကူညီရေးအဖွဲ့ Dove KK မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခု တဲအိမ်တွေ ဆောက်ဖို့ စာရင်းပေးထားတာ တဲအိမ် ၁၀၀ လောက် ကျန်ပါသေးတယ်။ အရေးပေါ် လိုအပ်ချက်ကတော့ မိုးကာတွေပါ။ ကျွန်တော်တို့လည်း သူတို့ ရှောင်သွားတဲ့ နေရာထိ လိုက်သွားပြီး ကူညီဆောက်လုပ်ပေးနေတာပါ” – ဟု Dove KK မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖယ်ခုံ-ပင်လောင်း နယ်စပ်တစ်လျှောက်ကို စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်း ထိုးလာခဲ့ခြင်းကြောင့် ကျေးရွာ ၁၀ ရွာဝန်းကျင်မှ လူဦးရေ ၅,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရသည်။

ထိုထွက်ပြေးနေရသည့် ကျေးရွာများမှာ ဘောရန်(အပေါ်)၊ ဘောရန်(အောက်)၊ ထီတမောင်း၊ ရေအေးကုန်း၊ လွယ်လုံ၊ ကသဲ၊ တောင်စလုံး၊ မြောက်စလုံးနှင့် ရေချမ်းကျေးရွာများ ဖြစ်ကြောင်း သိရသည်။

လက်ရှိ တကွဲတပြား ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အများစုအတွက် စားနပ်ရိက္ခာ အကူအညီများအပြင်၊ ဆောင်းဝင်စအချိန် ဖြစ်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အနွေးထည်များ၊ စောင်များ၊ အမျိုးသမီးနှင့် ကလေးအသုံးအဆောင်များ၊ ဆေးဝါးများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

August 17, 2026
သျှမ်းပြည်၊ 'ဝ'တပ်ဖွဲ့ (UWSA) ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ...
ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...
August 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်...
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
August 13, 2026
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ...