အကြမ်းဖက် ARSA နှင့် RSO အဖွဲ့များကြောင့် မောင်တောနယ်စပ်ရှိ မိဘပြည်သူများ ခရီးသွားလာမှုဂရုစိုက်ကြရန် AA ထပ်မံသတိပေး

အကြမ်းဖက် ARSA နှင့် RSO အဖွဲ့များကြောင့် မောင်တောနယ်စပ်ရှိ မိဘပြည်သူများ ခရီးသွားလာမှုဂရုစိုက်ကြရန် AA ထပ်မံသတိပေး

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အကြမ်းဖက် ARSA နှင့် RSO အဖွဲ့များက မိဘပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကိုခြိမ်းခြောက်နေသောကြောင့် နယ်စပ်ရှိ မိဘပြည်သူများ ခရီးသွားလာရေးဂရုစိုက်ကြရန် အာရက္ခတပ်တော်(AA)က ထပ်မံသတိပေးထုတ်ပြန်လိုက်သည်။

ယနေ့ အောက်တိုဘာလ ၂၃ ရက်တွင် ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA၊ RSO လက်နက် ကိုင်အဖွဲဝင်များသည် အာရက္ခ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အပြစ်မဲ့ အာရက္ခမိဘပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေသောကြောင့် နယ်စပ်ရှိ မိဘပြည်သူများအနေဖြင့် တောတောင်ထဲနှင့် လူပြတ်သောနေရာများ၌ သွားလာသည့်အချိန်များတွင် တစ်ဦးတည်း (သို့) လူအနည်းစုဖြင့် သွားလာကြသည်များကို အတတ်နိုင်ဆုံး မပြုလုပ်ကြပါရန်နှင့် ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမည့် အရေးကြီးကိစ္စများရှိပါကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာ အနီးစပ်ဆုံးနေရာများ၌ သတင်းပေးပို့ပြီးမှ သွားလာကြပါရန် လုံခြုံရေးအရ ထပ်မံ သတိပေးအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ အောက်တိုဘာလ (၂၂) ရက်၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်ခန့်အချိန်တွင် မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာမှ အဖ ဦးအဒေါင်း၏သား ကိုထွန်းဝင်း (၃၀) နှစ်သည် ၎င်း၏ ခရီးသည်တင်ကားဖြင့် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး စသည့် အခြေခံလူသုံးကုန်ပစ္စည်းများ ဝယ်ယူ၍ ပြန်လာသည့် ဒေါ်ဝေဝေစိုး (၃၀) နှစ်၊ ဒေါ်နိုင်နိုင်ဆွေ (၄၀) နှစ်၊ ဒေါ်ဝေဝေစိုး၏သမီး မခိုင်မြတ်မွန် (၃) နှစ်နှင့် မောင်သန်းထွီး (၂၅)နှစ်တို့ကိုတင်ဆောင်ပြီး ကျောက်ပန္ဒူရွာဘက်သို့ ထွက်ခွာလာခဲ့စဉ် မောင်တောမြို့နယ်၊ မြိုယုရွာ၏အရှေ့ဘက် တံတားအနီးတွင် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့တိုက်ခိုက်ခံခဲ့ရသည့်အတွက် ကားပေါ်၌ပါလာသော ခရီးသည်များနှင့် ကားမောင်းသမားအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိသော စားသုံးကုန်များအားလုံးကို ယူဆောင်သွားခဲ့သည်ဟု သိရသည်။

အာရက္ခတပ်တော်(AA)က အခင်းဖြစ်ပျက်ရာနေရာသို့သွားရောက်ပြီး စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသူများကို လိုက်လံရှာဖွေခဲ့ရာ အခင်းဖြစ်ပွားသည့်နေရာနှင့် မလှမ်းမကမ်းတွင် ခရီးသည် ဒေါ်ဝေဝေစိုးနှင့် ဒေါ်နိုင်နိုင်ဆွေတို့နှစ်ဦးသည် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး သေဆုံးသူ ဒေါ်ဝေဝေစိုး၏ သမီးငယ် ခိုင်မြတ်မွန် အသက် (၃) နှစ်ကို မိခင်၏ အလောင်းဘေးတွင် အသက်ရှင်လျက် တွေ့ရှိခဲ့ရသည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးမှ ထွက်ပြေးလွတ်မြောက်လာသော ကားမောင်းသူ ကိုထွန်းဝင်းနှင့် ခရီးသည် မောင်သန်းထွီး (၂၅) နှစ်တို့ကိုလည်း ဒဏ်ရာများဖြင့် ထပ်မံတွေ့ရှိခဲ့ရသည်ဟု သိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများအား ချောင်းမြောင်း၊ ပစ်ခတ်၊ သတ်ဖြတ်၍ ထွက်ပြေးသွားကြသော စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ဝင်များကို AA က လိုက်လံရှင်းလင်းကာ ဒေသအတွင်း အကြမ်းဖက်အန္တရာယ် ကင်းဝေးစေရေးနှင့် ပြည်သူ့လုံခြုံရေးအတွက် ဆက်လက်ဆောင် ရွက်လျက်ရှိသည်ဟု AA ၏ ယနေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေကုပ်ရယူထားပြီး နတ်မြစ်နှင့် မယူတောင်လမ်းကြောင်းများမှတစ်ဆင့် အာရက္ခဒေသ၏ မောင်တောခရိုင်အတွင်းသို့ စိမ့်ဝင်ရောက်လျက်ရှိနေသော ARSA ၊ RSO စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက မွတ်ဆလင်မဟုတ်သော အရပ်သားပြည်သူများအား သတ်ဖြတ်လျက်ရှိသဖြင့် နယ်စပ်နေပြည်သူများအနေဖြင့် အထူးသတိထား သွားလာနေထိုင်ကြရန် လုံခြုံရေး သတိပေးချက်ကို AA က ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်ကလည်း ထုတ်ပြန်ထားခဲ့သည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...