မိုးကုတ်ဗုံးကြဲမှုကလေးသုံးဦး သေဆုံး၊ အရပ်သား ၁၂ ဦး ဒဏ်ရာရ

မိုးကုတ်ဗုံးကြဲမှုကလေးသုံးဦး သေဆုံး၊ အရပ်သား ၁၂ ဦး ဒဏ်ရာရ
Photo credit - CJ
Photo credit - CJ

မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃) ဦး သေဆုံးကာ အရပ်သား (၁၂) ဦး ဒဏ်ရာရခဲ့သည်။

တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားသော မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်က အောက်တိုဘာလ ၂၁ ရက်၊ မွန်းလွှဲ ၃ နာရီဝန်းကျင် အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ကလေးငယ် (၃) ဦး သေဆုံးပြီး (၁၂) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရှောလီဝိုင်းအုပ်စု၊ ကန်တော်ရပ်ကွက်ရှိ ကန်သုံးလုံး ဖူဆယ်ဘောလုံးကွင်း အနီးကို စစ်ကော်မရှင်တပ်၏ လေယာဉ်က ပေါင် (၂၅၀) ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။

မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက “ဘုရားငါးဆူအနီးနဲ့ ရှမ်းဘုန်းကြီးကျောင်း နားက ဖူဆယ်ကွင်းမှာ ကျတာ ဟုတ်တယ်။ အဲ့ဒီမှာ ကစားနေကြတဲ့ ကလေးတွေ ထိသွားတယ်။ ကလေး ၃ ယောက်က သေတယ်။ ဒဏ်ရာ ရတာက ၁၂ ရတယ်။ ဒဏ်ရာရတဲ့ထဲမှာလည်း ကလေးတွေ ပါသေးတယ်” ဟု ပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖူဆယ်ကွင်းတွင် ဘောလုံးကစားနေသည့် ကလေးငယ်များ ထိမှန်ခဲ့ပြီး အသက် (၆) နှစ်၊ (၁၀) နှစ်နှင့် (၁၂) နှစ်အရွယ် ကလေးငယ် (၃) ဦး သေဆုံးခဲ့သည်ဟု ဖြစ်စဉ်သိရှိသူ မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦး က ပြောသည်။

ဒဏ်ရာရရှိသူ (၁၂) ဦးတွင်လည်း ကလေးငယ်များ ပါဝင်ပြီး၊ အသက် (၇) နှစ်နှင့် (၁၂) နှစ်အရွယ် ကလေးငယ်များ အပါအဝင် အသက် (၃၈) နှစ်မှ (၇၁) နှစ်အရွယ်ရှိ အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၅) ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ သည်။

ထို့ပြင် ဗုံးကြဲမှုကြောင့် အရပ်သားနေအိမ် (၁၁) လုံးနှင့် ဖူဆယ်ဘောလုံးကွင်းတစ်ခု ပျက်စီးခဲ့သည်။ စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်ထားသော မြို့ရွာများကို လေကြောင်း စစ်ဆင်ရေးများ ဆက်တိုက် ပြုလုပ်နေသည်။

TNLA ၏ ထုတ်ပြန်ချက်အရ ယခု အောက်တိုဘာလ တစ်လတည်းတွင်ပင် ကလေးငယ်များ အပါအဝင် အရပ်သား (၄၀) ကျော်၊ သေဆုံးကာ (၅၀) ကျော် ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလအတွင်း မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များ အပါအဝင် မြို့ရွာများကို လေကြောင်း တိုက်ခိုက်မှု အကြိမ် (၃၀) ကျော် ပြုလုပ်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

TNLA သည် စစ်ကော်မရှင်တပ်၏ ဗုံးကြဲမှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းကြောင့် ပြည်သူများ စစ်ရေး သတိရှိရန်နှင့် လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ လိုက်နာရန် နှိုးဆော်ထားသည်။

ထို့အပြင် ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်သည်ဟုလည်း TNLA က ပြင်းထန်စွာ ရှုတ်ချထားသည်။

အလားတူ ယမန်နေ့ အောက်တိုဘာလ (၂၀) ရက်နေ့ကလည်း မိုင်းငေါ့မြို့မစျေးကို စစ်ကော်မရှင်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ (၂) ဦး သေဆုံးကာ (၂) ဦး ဒဏ်ရာရရှိခဲ့သည့် အပြင် မြို့မစျေးလည်း မီးလောင် ပျက်စီးသွားသည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...