စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာရှောင်တိမ်းနေရကြောင်းနှင့် အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။
ကလေးမြို့ကို အောက်တိုဘာလပထမအတွင်းမှစ၍ နေ့စဉ်လို လေကြောင်းမှ လူ၊ လက်နက်အင်အား ဖြည့်တင်ပြီးနောက် အောက်တိုဘာလ ၁၆ ရက်နေ့မှ စ၍ မြို့နယ်မြောက်ပိုင်းကို စစ်ကော်မရှင်တပ်သား အင်အား ၁,၀၀၀ကျော်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ချီတက်နေခြင်းဖြစ်သည်။
“တောထဲတောင်ထဲပြေးနေရတော့ အရေးပေါ်စားနပ်ရိက္ခာနဲ့ အမိုးအကာတွေလိုအပ်နေပါတယ်”ဟု ကလေးမြို့နယ်လူသားစာနာထောက်ထားမှုအကူအညီပေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ကလေးမြို့မြောက်ပိုင်း စစ်ကော်မရှင်တပ်ထိန်းချုပ်ထားခဲ့သည့် စခန်းကြီး၊ အင်ဒိုင်းလေး၊ အင်ဒိုင်းကြီး၊ မော်လိုက်စသည့်ရွာများမှအပ နန်းစောင်းပုမှ တမူးမြို့နယ် ခါမ်းပါတ်မြို့အကြားရှိ ကျေးရွာပေါင်း ၂၀ ခန့် မှ ဒေသခံ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
စစ်ကော်မရှင်ကပြုလုပ်မည့် ဒီဇင်ဘာလရွေးကောက်ပွဲမတိုင်မီ အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းမ ပေါရှိ တမူး-ကလေးမြို့နယ်အကြား ကာကွယ်ရေးတပ်ဖွဲ့များစိုးမိုးဒေသများကိုရှင်းလင်းပြီး လမ်းပိုင်းကို ထိန်းချုပ်သွားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကလေးမြို့နယ်ရှိ စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့မှုများရှိခဲ့သော်လည်း တိုက်ပွဲ အသေးစိတ် အခြေအနေနှင့် ထိခိုက်သေဆုံးမှုများကို မသိရှိသေးပေ။
စစ်ကော်မရှင်တပ်သည် ရာဇဂြိုလ်ကျေးရွာသို့ အောက်တိုဘာ ၁၈ ရက်နေ့တွင်ရောက်ရှိခဲ့ပြီး ဒေသခံများ၏ ပစ္စည်းများကို ယူဆောင်ကာ လူနေအိမ်များ မီးရှို့ခဲ့ကြောင်းနှင့် ရွာသားများ အသတ်ခံရမှုများရှိကြောင်း အမည်မဖော်လိုသည့် ဒေသခံကပြောသည်။
“စစ်ကြောင်းတလျောက် တွေ့တဲ့သူတွေကို သတ်သွားတယ်လို့ ကြားတယ်ဗျ။ တချို့လည်း ရွာကိုပစ္စည်း ပြန်ယူရင်း အဖမ်းခံရပြီး အသတ်ခံရတာရှိတယ်” ဟု ၎င်းကဆိုသည်။
အနောက်ခုံသာရွာမှ ၁၃ ဦး၊ ကံကြီးရွာမှ နှစ်ဦး၊ ပျော်ဘွယ်ကြီးရွာမှကျွန်းစိုက်ခင်းစောင့် လင်မယားနှစ်ဦး အသတ်ခံရပြီး ရာဇဂြိုလ်ရွာတွင် ဒေသခံသုံးဦးကို ဖမ်းဆီးထားကြောင်းဒေသခံကပြောဆိုထားပြီး ယင်းသေဆုံးမှုများနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အလားတူ ကလေးမြို့နယ်တောင်ပိုင်းကိုလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဟံသာဝတီရွာနှင့် ကလေးမြို့နယ်၊ ကြံသာရွာမှပျုစောထီးနှင့် စစ်ကော်မရှင်တပ်ပူးပေါင်း အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောင်သာရွာမှတဆင့် မှန်တောရွာဖက် စစ်ကြောင်းထိုးလာချိန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ကာကွယ်ရေးတပ်မှ ရဲဘော်အချို့ ကျဆုံးကာ ဆုတ်ခွာပေးခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
အဆိုပါစစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစိုးမိုးထားသည့် ကလေး-ဂန့်ဂေါလမ်းမကို ပြန်လည် ထိန်းချုပ်ရန် စစ်ကော်ရှင်တပ်က ကြိုးစားနေသဖြင့် လမ်းဘေးဝဲယာရှိဒေသခံများ သတိဖြင့်နေ ထိုင်ကြရန် ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားသည်။







