သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် တွင် စစ်ကော်မရှင်က ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ရာတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ ပါဝင်လာကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အစပိုင်းတွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာ အနီးတောတောင်နှင့် မြစေတီကျေးရွာ၊ မြသိန်းတန်ကျေးရွာ အပါအဝင် တပင်ပျော်ကျေးရွာ အုပ်စု ဘက်သို့ အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။
ထိုစစ်ကြောင်းတွင် ပအိုဝ်းပြည်သူ့စစ် ( PNO) စစ်ဝတ်စုံဖြင့်ဝတ်ဆင်ထားသော တပ်သားများလည်း စစ်ကြောင်းနှင့်အတူ ပါလာကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ရွာထဲကို ဝင်လာပြီဆို စစ်ကော်မရှင်တပ်သားက သူတို့ယူနီဖောင်းနဲ့၊ PNO က သူ့ယူနီဖောင်းအစိမ်းရောင်း ပအိုဝ်းတံဆိပ်နဲ့ သိသာတယ်။” ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် ကို PNO ၏ အထူးဒေသ (၇)ထဲတွင် ထည့်သွင်းထားသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။
သို့သော်လည်း စစ်ကော်မရှင်၏ သတ်မှတ်ချက်တွင် PNOနယ်မြေသည် ရွာငံနှင့် ပင်းတယကို ထည့်သွင်းထားခြင်း မရှိပေ။
“အခု ရွာငံမြို့ အဝင်၊ အထွက်ဆိုရင် စစ်ကော်မရှင်ဂိတ်တွေမှာ PNO တပ်သားတွေကင်းစောင့်နေတယ်။ သူတို့တွေကလည်း စစ်တပ်နဲ့ ပေါင်းပြီး ဒေသခံတွေဆီ ငွေတွေ မတရားတောင်းနေတယ်” ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။
ထို့အပြင် ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်နှင့် PNO တပ်တို့စစ်ကြောင်းထိုးလာတိုင်း အမျိုးသားသာမက အမျိုးသမီးများကိုပါ ဖမ်ဆီးခြင်း၊ ရိုက်နှက်ခြင်းနှင့် အမျိုးသားများကို လူသားဒိုင်းအဖြစ် အချိန်မရွေးခေါ်ဆောင် ခြင်းတို့ ပြုလုပ်နေသည်။
ထိုကဲ့သို့ ပြုလုပ်ရာတွင် စစ်ကော်မရှင် က PNO တပ်သားများကိုပါ ထည့်လာခြင်းသည် တိုင်းရင်းသား အချင်းချင်းကြား မလိုလားအပ်သည့် လူမျိုးရေးပဋိပက္ခဖြစ်လာအောင် ဖန်တီးနေခြင်း ဖြစ်ကြောင်း ဓနုပြည်နယ် အမျိုးသား လွတ်မြောက်ရေးတပ်ဦး DSNDA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောသည်။
“စကစနဲ့ပေါင်းပြီး ပြည်သူတွေကို ဒုက္ခလိုက်ပေးနေတဲ့ကောင်တွေဆိုတော့ ကျနော်တို့ကတော့ မောင်းထုတ်ရမှာပေါ့နော်။ အရိုးရှင်းဆုံးပြောရရင် PNO လည်း ကျနော်တို့ရဲ့ ဘုံရန်သူပဲပေါ့။ ပြဿနာတွေကတော့ ဒီထက်မက ကြီးမားလာနိုင်ပါတယ်။ လူမျိုးရေးအရ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာလည်း စိုးရိမ်မိပါတယ်။”ဟု အဆိုပါ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ဆက်လက်ပြီး ဆောင်ရာသီ ကူးပြောင်းသည့်အချိန်ကာလဖြစ်သည့်အတွက် ရွာငံမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အနွေးထည်၊ စောင်များနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများထံသိရသည်။
လက်ရှိ စစ်ကော်မရှင်တပ်နှင့် PNo စစ်ကြောင်းထိုးနေသည့် ကျေးရွာများသည် ရွာငံမြို့ပေါ်နှင့် (၆) မိုင်ခန့်သာ ကွာဝေးသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုးလာပြီး အမျိုးသမီးနှစ်ဉီးနှင့် အမျိုးသား (၈)ဉီးတို့ကို ဖမ်းဆီးခဲ့ပြီး၊ စက်တင်ဘာ ၂၁ ရက်တွင်လည်း တပင်ပျော်ကျေးရွာအုပ်စုထဲသို့ ထပ်မံစစ်ကြောင်းထိုးကာ ဒေသခံ(၁၀)ဦးကို ဖမ်းဆီးခဲ့သည်။
လာမည့် ဒီဇင်ဘာလတွင် စစ်ကော်မရှင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း ၁ ထဲတွင် ရွာငံမြို့နယ် မပါဝင်သော်လည်း စစ်ကော်မရှင်တပ်က နယ်မြေရှင်းလင်းရေး နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။







