သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။
ယနေ့ (အောက်တိုဘာ ၁၆ ရက်) နံနက် ၇ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း အထက်ညောင်ကုန်းရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံးနှစ်လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ရာ ကြက်ခြံနှင့်နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးနှစ်လုံး လာကြဲသွားတယ်၊ အထက်ညောင်ကုန်းက ကြက်ခြံမှာ ကျကွဲလို့ ဒီတခေါက် လူမထိဘူး။ မနက်အစောပိုင်း လာကြဲတာဆိုတော့ ထမင်းအိုးပဲ ဆက်တည်ရမလား၊ ထွက်ပဲ ပြေးရမလား အဲ့တုန်းက စဉ်းစားမထွက်ဘူး”ဟု မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ အောက်တိုဘာလ ၁၂ ရက်ကလည်း TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နှင့် မိုင်းလုံမြို့အကြားကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လယ်ကြီးကျေးရွာအနီး ဗုံးတစ်လုံးနှင့် ပဇီကျေးရွာအနီး ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် (၄) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် စစ်ကော်မရှင်တပ်သည် နောင်ချိုမြို့ကို TNLA လက်ထဲမှ ပထမဆုံးမြို့အဖြစ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပြင်ဦးလွင်-နောင်ချို-မိုးကုတ်လမ်းမကြီးတလျှောက် ၂ လကျော် မြေပြင်စစ်ကြောင်းထိုးကာ လေကြောင်းဖြင့်လည်း ဖိအားပေး တိုက်ခိုက်နေသည်။
အခြားတစ်ဘက်တွင် ဩဂုတ်လ ၂၇ ရက်၌ စစ်ကော်မရှင်နှင့် TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့ တွေ့ဆုံဆွေးနွေးပွဲတွင် TNLA ဘက်က ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် ကျောက်မဲနှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်ထံ ပြန်လွှဲအပ်ပေးမည်ဟု ကမ်းလှမ်းပြောဆိုခဲ့သော်လည်း စစ်ကော်မရှင်ဘက်က ပြန်လည်တိုက်ယူမည်ဟု သတင်းထွက်ပေါ်ခဲ့သည်။
ထို့နောက် နောင်ချိုမြို့မှတဆင့် စစ်ကော်မရှင်တပ်သည် ကျောက်မဲ၊ သီပေါမြို့ဘက်သို့ မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ကျောက်မဲမြို့ကို TNLA လက်ထဲမှ အောက်တိုဘာလ ၁ ရက်တွင် ဒုတိယမြို့အဖြစ် ပြန်လည်ထိန်းချုပ်ခဲ့သည်။
ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်) တွင် သီပေါမြို့ထဲသို့လည်း စစ်ကော်မရှင်တပ်သားများ စတင်ဝင်ရောက်ခဲ့ကြောင်း ဒေသခံများ ပြောဆိုနေခြင်းကြောင့် TNLA မှ စစ်ကော်မရှင်ထံ လက်လွှတ်ဆုံးရှုံးနိုင်ချေရှိသည့် တတိယမြို့ ဖြစ်လာသည်။
“တရုတ်နဲ့ ကုန်သွယ်ရေးပြန်စဖို့ အဓိက လမ်းမကြီးတွေ စစ်ကောင်စီ ပြန်လိုချင်မှာပဲ။ သီပေါနဲ့ ကျောက်မဲ ရပြီးတော့ မိုးကုတ်ပါ မရတော့ တိုက်ယူမယ် ဆိုတာမျိုး ဖြစ်လာတယ်လို့ ထင်တယ် တရုတ်ကလည်း စကစနဲ့ TNLA ကို အပစ်ရပ်ဖို့ တစ်ခုခု သဘောတူဖို့ နားချလိမ့်မယ်”ဟု သျှမ်းပြည်မြောက်ပိုင်းမှ စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။
စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်ထားသည့် မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်များပါ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ်အနီးရှိ နမ့်ခမ်းမြို့ဘက်လည်း လေကြောင်းအန္တရာယ် သတိထားနေရကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် သျှမ်း-မန္တလေးနယ်စပ်ရှိ မိုးကုတ်လမ်းပိုင်းကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး မန္တလေး-မိုးကုတ်လမ်းကိုလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသည်။
စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် အခမ်းအနား ကျင်းပပြီး “ငြိမ်းချမ်းရေး”ဟု ပြောဆိုနေချိန် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ၎င်းဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည်ရရှိရန် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။







