သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စု တောင်မဲသင်းကျေးရွာအတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် အောက်တိုဘာ ၇ ရက်မှ စတင်ပြီး ယနေ့(အောက်တိုဘာ ၉)ရက် ထိ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။
ထိုတိုက်ပွဲဖြစ်ပွားသည့် တောင်မဲသင်းကျေးရွာသည် လွန်ခဲ့သည့် ၂၀၂၃ ခုနစ် နှစ်ဦးပိုင်းတွင်လည်း စစ်ကော်မရှင်တပ်၊ (PNO/PNA)တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ (၃၀၀၀)ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။
“အခုက ထိတွေ့တိုက်ပွဲပြန်ဖြစ်တဲ့သဘောပါ။ အောက်တိုဘာ ၇ ရက်ကနေစပြီး ဒီနေ့ မနက်ပိုင်းအထိ ဖြစ်နေတုန်းပဲ။ စစ်ကော်မရှင်နဲ့ PNO တို့က အင်အားတော်တော်များတယ် တက်လာတယ်။” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာနှင့် ပင်ပုံကျေးရွာမှ အရပ်သား ၃၀၀၀ ကျော်သည် ပင်လောင်းမြို့နယ်အတွင်းရှိ ပင်ခွန်ကျေးရွာ၊ မန်းထားကျေးရွာ အနီးတဝိုက် ကျေးရွာများနှင့် ပင်လောင်းမြို့ပေါ်တို့တွင် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။
“အဲအခုဖြစ်တဲ့ကျေးရွာက ဒေသခံတွေက အရင် ၂၀၂၃ ခုနှစ်ကတည်း ကစစ်ဘေးရှောင်တာ၊ အခု ထပ်ရှောင် ရတာတော့မရှိဘူး။ သူတို့က နှစ်နှစ်ကျော်ရှိလာပြီဆိုတော့ စားဝတ်နေရေးတော့ ခက်ခဲကြတယ်။ ကလေးတွေက ကျောင်းတက်ခွင့်မရကြဘူး” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အသက် ၃၀ အရွယ်ရှိ အမျိုးသးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုတိုက်ပွဲကြောင်း နှစ်နှစ်ကျော်ကြား စစ်ဘေးရှောင် ၃၀၀၀ ကျော်သည် လက်ရှိတွင် စားဝတ်နေရေးအတွက် ကလေးငယ်များပါမကျန် ကျောင်းထွက်ပြီး အလုပ်လုပ်ကိုင်နေရသည့်အဆင့်ဖြစ်ကြောင်း၊ ကျေးရွာအတွင်း နေ့စားလိုက်ပြီး ဝမ်းရေးအတွက် ရှာဖွေနေကြပြီး၊ အချို့ နေ့စားမလိုက်ရသည့်ရက်တွင်လည်း အချင်းချင်းကြား ချေးငှားစားသောက်နေရသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာသည့် ပင်လောင်းမြို့ပေါ်နှင့် ဆိုင်ကယ်ဖြင့် သွားလျှင် တစ်နာရီကြာပြီး၊ ထိုနေရာတွင် စစ်ကော်မရှင်နှင့် PNO တို့ နေရာယူ နယ်မြေ စိုးမိုးထားကြောင်း သိရသည်။
ထိုစစ်ဘေးရှောင်များရောက်ရှိနေသည့် ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ၊ ပင်ပုံကျေးရွာနှင့် လုံးပျဉ်ကျေးရွာတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်ဖွဲ့တို ထိန်းချုပ်ထားကြောင်း စစ်ဘေးရှောင် ကူညီသည့် အမျိုးသားက ပြောသည်။
“အခု PNO နယ်မြေပြန်ထိန်းချုပ်နိုင်မယ်ဆိုရင် နယ်မြေရှင်းလင်းရေး သေချာလုပ်ပေးစေချင်တယ်။ မြေမြှုပ်မိုင်းတွေကြောင့် ပြည်သူတွေ ဒုက္ခမရောက်စေချင်ဘူး။ အဓိက ပြည်သူလုံခြုံဖို့ပေါ့။ ဘာပဲ ဖြစ်ဖြစ် တိုက်ပွဲ ကမငြိမ်သေးတော့ နေရပ်မပြန်သေးတာ အကောင်းဆုံးပါ။”ဟု အဆိုပါ စစ်ရှောင်ကူညီနေသူ အမျိုးသားက ဆက်ပြောသည်။
လွန်ခဲ့သည့် ၂၀၂၄ခုနစ် ပင်လောင်းမြို့နယ်အတွင်း ပညာရေးကျောင်းမဖွင့်နိုင်သေးသည့် ကျောင်းပေါင်း (၃၀)ကျော်ရှိခဲ့ပြီး၊ ယခုနှစ်တွင် ဖွင့်လိုက် ၊ပိတ်လိုက်လုပ်နေရပြီး၊ စစ်ဘေးရှောင်များ၏ စားဝတ်နေရေးကြောင်း ကလေးငယ်များ ကျောင်းထွက်နှုန်းများလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“အခုနောက်ပိုင်း စားဝတ်နေရေး ကျပ်တည်းလာတော့ ကလေးတွေ ကျောင်းထွက်နှုန်းက များတာ မှန်ပါတယ်၊ အလုပ်ထွက်လုပ်ကြတာလည်း မှန်ပါတယ်၊ ဘယ်အသက်အရွယ်တွေက အဓိက ထွက်လုပ်ကြတယ်ဆိုတာကို သေချာမှတ်တမ်း စာရင်းပြုစုနိုင်ခြင်း မရှိတဲ့အတွက် ပြောလို့မရပါဘူး” ဟု ၎င်းကဆိုသည်။
စစ်ကော်မရှင်ဦးဆောင်ပြီး လာမည့် ဒီဇင်ဘာ ၂၈ရက်တွင် ရွေးကောက်ပွဲကို ကျင်းပနိုင်ရန်အတွက် ၎င်းတို့ ဆုံးရှုံးခဲ့သည့် နယ်မြေများပြန်ရရှိရန်အတွက် PNO နှင့်ပူးပေါင်းပြီး မြေပြင်ထိုးစစ်ဆင်မှု ပိုပြင်းထန် လာနိုင်ကြောင်းလည်း မြေပြင် စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။







