အင်းတော်ကြီး-ဂွေခါလမ်းပိုင်း စစ်တပ်ပိတ်ထားလို့ အခြေခံစားသောက်ကုန်သယ်ယူဖို့ခက်ခဲလာ

အင်းတော်ကြီး-ဂွေခါလမ်းပိုင်း စစ်တပ်ပိတ်ထားလို့ အခြေခံစားသောက်ကုန်သယ်ယူဖို့ခက်ခဲလာ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး – ဂွေခါကားလမ်းပိုင်းကို စစ်တပ်က ပိတ်ထားတဲ့အတွက် ယင်းလမ်းပိုင်းရှိ ကျေးရွာတွေမှာ အခြေခံစားသောက်သယ်ယူဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။

အင်းတော်ကြီး–ဂွေခါကားလမ်းပိုင်း လုံးတုံရွာမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်ကစပြီး ပိတ်လိုက်တာဖြစ်တယ်လို့ အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“လမ်းက ပိတ်လိုက် ဖွင့်လိုက်နဲ့ ဒီတခေါက် ပိတ်လိုက်တာက ကြာတယ်။ လုံးတုံကနေ ပိတ်ချလိုက်တော့ အင်းတော်အနောက်ဘက်ခြမ်းရွာတွေက ဘယ်မှ သွားလာလို့ မရဘူး။ ပိုဆိုးတာက စားသောက်ကုန်တို့ ဆန်၊ ဆီ၊ ဆား သယ်ယူပို့ဖို့ အရမ်းခက်ခဲသွားတယ်။ လမ်းမပေါက်တော့”လို့ အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသားက ပြောပါတယ်။

ခုလို လမ်းပိတ်လိုက်တာကြောင့် အင်းတော်ကြီးကန်အနောက်ဘက်ခြမ်းရှိ လုံးတုံနဲ့ ဂွေခါကြားထဲက ရွာတွေဖြစ်တဲ့ ကုန်းမန၊ ဟဲပန်၊ လွဲမွန်၊ နန့်ပတဲ အစရှိတဲ့ကျေးရွာတွေဟာ အခြေခံစားသောက်ကုန်၊ လူသုံးကုန်နဲ့ အခြားလိုအပ်တဲ့ ကုန်ပစ္စည်းတွေကို တောလမ်းကနေ ခက်ခက်ခဲခဲ သယ်ယူနေရကြောင်း အထက်ဖော်ပြပါ အမျိုးသားက ဆက်ပြောပါတယ်။

“ကားလမ်းကတော့ ပိတ်ထားတော့ ဟဲပန်တို့၊ ကုန်းမနဘက်ကရွာတွေ အခု ဆန်၊ ဆီ၊ ဆားပေါ့ လိုအပ်တဲ့ကုန်တွေကို တောလမ်းကနေ ဖြတ်ပြီး သယ်ယူရတာ ရွေမှော်သွားလမ်းတွေကနေတဆင့် သယ်ယူရတာပေါ့။ တချို့နေရာတွေ တောရှင်းပြီး သွားလာရတာ ကားလည်းမပေါက် ဆိုင်ကယ်တောင် တချို့နေရာတွေပဲ ရတယ်။ ဒါတောင် မနည်းတိုးရတာ”လို့ အထက်ဖော်ပြပါအမျိုးသားက ဆက်ပြောပါတယ်။

အင်းတော်ကြီး–ဂွေခါလမ်း ပိတ်ထားတာကြောင့် အထက်ဖော်ပြပါကျေးရွာတွေဟာ လိုအပ်တဲ့ကုန်တွေကို မမုံကိုင် ကျေးရွာအနောက်ဘက်ခြမ်း တောလမ်းကနေတစ်ဆင့် သယ်ယူနေကြကြောင်းသိရပါတယ်။

ဒေသခံတွေပြောချက်အရ စစ်ကောင်စီတပ်ဟာ လုံးတုံနဲ့ ဂွေခါကြားကိုသာ ပိတ်ထားပြီး လုံးတုံနဲ့ ဟိုပင်အထိကိုတော့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။

“အင်းအနောက်ဘက်ခြမ်းပဲ ပိတ်တာ။ အင်းအရှေ့ဘက်ကတော့ ပုံမှန်ပါပဲ။ ဘာလို့ဆို အင်းအရှေ့ဘက် လုံးတုံကနေ နန့်မွန်း၊ မိုင်းနောင်တကြောက SNA တွေနဲ့ စကစတွေ နေရာယူထားတော့ ဖွင့်အင်းအနောက်ဘက်က တောဘက်က (KIA) ရှိနေတော့ ပေးမထွက်ခိုင်းတာ”လို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ လုံးတုံအနောက်ဘက်ရှိကုန်း မနကျေးရွာကနေ ညောင်ပင်၊ ချောင်းဝ၊ ဂွေခါတကြောအထိ KIA နဲ့ ပူးပေါင်းတပ်တွေ နေရာယူထားတယ်လို့ သိရပါတယ်။

သြဂုတ်လကတည်းကနေ ပိတ်ထားတဲ့ အင်းတော်ကြီး–ဂွေခါကားလမ်းပိုင်း အောက်တိုဘာ ၆ ရက်နေ့ကနေ ဒီကနေ့အထိ သီတင်းကျွတ်ပိတ်ရက်ကာလတွင်း ရက်အကန့်အသတ်နဲ့ ခေတ္တပြန်ဖွင့်ပေးပေမယ့် အစစ်အဆေးများတာ၊ ကုန်တွေ လွတ်လွတ်လပ်လပ် သယ်လို့မရတာ စတဲ့ကန့်သတ်ချက်တွေ ရှိနေကြောင်း သိရပါတယ်။

“လမ်းခနပဲ ဖွင့်တာပါ သီတင်းကျွတ်ပိတ်ရက်မှာ ခနဖွင့်ပေးတာတဲ့ ဒီနေ့ပဲ ပိတ်မလား မနက်ဖြန်လောက် ပိတ်မလား မသေချာဘူး။ ပြန်ပိတ်မှာလို့တော့ ပြောနေကြတယ်” လို့ နန်းမားကျေးရွာနေအမျိုးသားတစ်ဦးက ပြောပါတယ်။

လုံးတုံမှာ ထိုင်ထားတဲ့ စစ်ကောင်စီတပ်ဟာ အင်းတော်ကြီး–ဂွေခါ လမ်းပိုင်းကို သြဂုတ်လနဲ့ မေလကြားထဲမှာလည်း မကြာခနဆိုသလို လမ်းပိတ်ထာမျိုး ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲကို ဝင်ရောက်နိုင်တဲ့ ဂွေခါ–အင်းတော်ကြီးက လမ်းပိုင်းကို ထိန်းချုပ်ဖို့နဲ့ အင်းတော်ကြီးဒေသထဲမှာ ရှမ်းနီပြည်သူ့စစ်တွေ စိုးမိုးထားနိုင်ဖို့ ပြီးခဲ့တဲ့ မေလကတည်းကနေ အင်အားသုံးပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်
March 23, 2026
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့်...
ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...
March 20, 2026
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ...
March 19, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာဆေးထိုးအပ်တွေ စည်းကမ်းမဲ့စွန့်ပစ်ထားကြတဲ့အတွက်...