ချောင်းဦးမြို့နယ်၌ သီတင်းကျွတ် ဆီမီးသပိတ် ဗုံးကြဲခံရပြီး လူ ၁၇ ဦး သေဆုံး ဒဏ်ရာရသူများပြား

ချောင်းဦးမြို့နယ်၌ သီတင်းကျွတ် ဆီမီးသပိတ် ဗုံးကြဲခံရပြီး လူ ၁၇ ဦး သေဆုံး ဒဏ်ရာရသူများပြား
Photo credit - CJ
Photo credit - CJ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း သီတင်းကျွတ်ဆီမီးသပိတ် ပြုလုပ်နေသည့် ဒေသခံများကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ၁၇ ဦး သေဆုံးခဲ့ပြီး ၄၀ ခန့် ဒဏ်ရာရရှိထားကြောင်း ဒေသခံများထံက သိရသည်။

ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ စာသင်ကျောင်းတွင် ယမန်နေ့ (အောက်တိုဘာ ၆ ရက်) သီတင်းကျွတ်လပြည့်ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ တက်လာသော ပါရာမော်တာ(လေထီးတပ် စက်ယာဉ်)ဖြင့် ၁၂၀ မမ ဗုံးသီးနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်သည်။

“အခုလတ်တလော ၁၇ ယောက် သေဆုံးထားတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြတ်တောက်ကုန်ကြတာတွေလည်း ရှိတယ်။ ဒဏ်ရာရသူတွေထဲကလည်း စိုးရိမ်ရတာရှိတော့ သေဆုံးမှုက ထပ်တိုးလာနိုင်ခြေရှိသေးတယ်” ဟု ချောင်းဦးမြို့ ဒေသခံက မဇ္ဈိမကို ပြောသည်။

ဒေသခံသပိတ်အဖွဲ့များ စုပေါင်းပြီး သီတင်းကျွတ်လပြည့်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ် ပြုလုပ်စဉ် လူအများကြားတွင် ဗုံးဆန်တည့်တည့်ထိမှန်သဖြင့် ထိခိုက်သေဆုံးသူ များပြားရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

၎င်းအပြင် ဗုံးထိမှန်၍ ဒေသခံများ ထိခိုက်သေဆုံးပြီး ဆေးဝါးကုသမှုခံယူနေချိန် ဘုံတိုကျေးရွာအနီးကို ဒုတိယအကြိမ် ဗုံးကြဲခဲ့သေးသော်လည်း ထိခိုက်မှုကိုမသိရသေးဟု ချောင်းဦးဒေသခံက ဆက်ပြောသည်။

ယခုတိုက်ခိုက်မှုကို စစ်ကော်မရှင်သတင်းပေးကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံနှင့် ကာကွယ်ရေးတပ်ဖွဲ့များက ယူဆနေပြီး လုံခြုံရေးသတိရှိရန် သတိပေးလျက်ရှိနေသည်။

ထိုဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေစဉ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကျောက္ကာလမ်းမဘေးရှိ ပြည်သူဥယျာဉ်ဖွင့်ပွဲကို စတုဒီသာများ ကြွေးမွေးခြင်း၊ တေးသီချင်းများ ဖျော်ဖြေခြင်းများကို စစ်တပ်ထောက်ခံသူများဖြင့် ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

ယင်းညတွင်ပင် မုံရွာမြို့အနီးရှိ ကျောက်စစ်ပုံရွာအခြေစိုက် အမြောက်တပ်မှလည်း လက်နက်ကြီးများဖြင့် အနီးကျေးရွာများသို့ ပစ်ခတ်ခဲ့ရာ ဒေသခံတဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ထို့ပြင့် မုံရွာအရှေ့ နမခနှင့် ကျောက်စစ်ပုံ အမြှောက်တပ်အကြားရှိ ကံပြား၊ တောင်ပုလူ၊ ခိုသန်းရွာများနှင့် မုံရွာအနောက်တောင်ရှိ ညောင်ဖြူပင်၊ နဂါးတွင်း ကျေးရွာများပေါ်သို့ သီတင်းကျွတ်လပြည့်ညတွင် စစ်ကော်မရှင်တပ်၏ ပါရာမော်တာ ဝဲပျံ ကင်းထောက်လျက်ရှိကြောင်း ၎င်းတို့ကဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း နမခမှ ပါရာမော်တာများဖြင့် လှည့်လည်ဗုံးကြဲလျက်ရှိရာ ၎င်းကို ပစ်ချနိုင်သော လက်နက်ကြီးများလိုအပ်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကဆိုသည်။

“အဲဒီပါရာမော်တာက လက်နက်ငယ်နဲ့မမီဘူးဗျ။ ပွိုင့်ဖိုက် (.5) (စက်သေနတ်အကြီး) နဲ့မှ ရမှာ အဲဒီလက်နက် ဝယ်နိုင်အောင် ဝိုင်းကူကြစေချင်တယ်” ဟု ၎င်းကပြောသည်။

မြန်မာတို့၏ သီတင်းကျွတ်လပြည့်နေ့တွင် အိမ်တိုင်း၏ ပြတင်းပေါက်၊ အိမ်ရှေ့ဝင်းများ၊ အလေးမြတ်ထားရသည့် ရင်ပြင်နေရာများတွင် ဆီမီးများထွန်းညှိခြင်းဖြင့် လူထုဆန္ဒ သုံးရပ် ဖော်ထုတ် လှုပ်ရှားကြရန် သပိတ်ကော်မတီများက တိုက်တွန်းထားသည်။

အဆိုပါ ဆီမီးထွန်းညှိခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးလမ်းကို ဖော်ဆောင်ခြင်း၊ အဓမ္မစစ်မှုထမ်းဥပဒေကို လောင်ကျွမ်းဖျက်ဆီးခြင်းနှင့် တရားမဝင် အတုယောင်ရွေးကောက်ပွဲကို ချွင်းချက်မရှိ သပိတ်မှောက်ဆန့်ကျင့်သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...