မော့ကနင်အခြေစိုက် ခလရ (၁၀၆)တပ်ရင်းတွင် ဖမ်းဆီးခံထားရသည့်လူငယ်အချို့ ငွေကြေးပေးဆောင်ပြီးနောက် ပြန်လွတ်လာ

မော့ကနင်အခြေစိုက် ခလရ (၁၀၆)တပ်ရင်းတွင် ဖမ်းဆီးခံထားရသည့်လူငယ်အချို့ ငွေကြေးပေးဆောင်ပြီးနောက် ပြန်လွတ်လာ

မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်အခြေစိုက် ခလရ (၁၀၆)တပ်ရင်းတွင် စစ်ဆေးမေးမြန်းရန်ဟုဆိုကာ စစ်ကော်မရှင်အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ရေးဒေသခံ လူငယ် ၂၀ ဦးအနက် ငွေကြေးပေးနိုင်သူအချို့ ပြန်လွတ်လာခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှ သိရသည်။

လမိုင်းမြို့ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှု ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်အဖွဲ့မှ အင်အားအပြည့်ဖြင့် စစ်ဆေးရေးတင်းကြပ်နေချိန် လမ်းသွားလမ်းလာ လူငယ် ၂၀ ဦးခန့်ကို ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ထားပြီး မော့ကနင်အခြေစိုက် ခလရ-၁၀၆ တပ်ရင်းတွင် စစ်ဆေးမေးမြန်းမှု လုပ်ဆောင်နေကြောင်း သိရသည်။

ဖမ်းဆီးခံရသူ လူငယ်မိသားစုဝင်နှင့် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှုးများက မော့ကနင်အခြေစိုက် ခလရ (၁၀၆) တပ်ရင်းထံ တစ်ဦးလျှင် ငွေကျပ် ၂ သိန်းခွဲမှ ၁၀ သိန်းကြားအထိ သွားရောက်ပေးဆောင်ထားခြင်းကြောင့် လူငယ် ၁၆ ဦး ပြန်လည်လွတ်မြောက်လာပြီး ၄ ဦး ကျန်ရှိနေသေးကြောင်း လမိုင်းဒေသခံတစ်ဦးက ဆိုသည်။

"သူတို့ဖမ်းထားတဲ့လူငယ်တွေမှာ ပြန်မလွှတ်သေးတာ ၄ ယောက်ရှိနေသေးတယ်။ ကျန်တာလွတ်လာပြီး။ သူတို့ကို ပိုက်ဆံ ၂သိန်းခွဲအနည်းဆုံး ပေးရတယ်။ လမိုင်းရွာကရော ကွမ်ကျိုက်ကရော သူတို့ကပိုက်ဆံပဲ လိုချင်ဖြစ်မယ်ထင်တာပဲ။ အခုထိသူတို့ ဖမ်းထားတုန်းပဲ" ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

ပြန်လည်လွတ်မြောက်လာသည့် လူငယ်များသည် လမိုင်းမြို့ခံ၊ မော့ကနင်၊ ကွမ်ကျိုက်ရွာမှဖြစ်ပြီး ကျန်ရှိနေသည့် လူငယ် ၄ ဦးသည် ရပ်ဝေးမှ ဒေသခံများဖြစ်နိုင်ကြောင်းလည်း ဆိုသည်။

လမိုင်းမြို့၊ မော့ကနင်နှင့် ကွမ်ကျိုက်ကျေးရွာတို့တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို စစ်ဆေးတင်းကြပ်မှု မလုပ်ဆောင်သော်လည်း စစ်အင်အားအများအပြားဖြင့် လုံခြုံရေးတင်းကြပ်ကာ ရွာအတွင်းနှင့် အနီးပတ်ဝန်းကျင်တို့တွင် သွားလာလှုပ်ရှားနေဆဲဖြစ်သည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့က သထုံမြို့နယ် ဒုံဝန်းဘူဘာနှင့် သိမ်ဆိပ်ဘူတာကြား ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း  မိုင်းခွဲခံရမှုဖြစ်ပြီးနောက် စစ်ကော်မရှင်တပ်နှင့်ရဲတပ်ဖွဲ့များမှ ကရင်လေးဆိပ်ကျေးရွာအတွင်း ဝင်ရောက်စီးနင်းမှုလုပ်ဆောင်ခဲ့ပြီး ကလေးငယ်များနှင့် ဒေသခံပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားကြောင်းလည်း သိရသည်။

ဖမ်းဆီးသွားသူများအား သထုံအခြေစိုက် အမှတ်(၉) လေ့ကျင့်ရေးတပ်သို့ခေါ်ဆောင်သွားပြီး စက်တင်ဘာ ၃၀ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း သိရသည်။

မွန်ပြည်နယ် စစ်ကော်မရှင်တပ်သားနှင့် ဌာနဆိုင်ရာရဲများမှ ဖောက်ခွဲမှုနှင့် ပစ်ခတ်မှု တစ်စုံတစ်ရာဖြစ်ပွားပြီးနောက် ဒေသခံများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှု ဆက်တိုက်လုပ်ဆောင်နေပြီး ငွေကြေးဖြင့် ပြန်လည်မခေါ်ဆောင်နိုင်သူများကို စစ်မှုထမ်းအဖြစ် ခေါ်ဆောင်သွားကြောင်းလည်း စစ်ကော်မရှင်နှင့်နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

တစ်ဖက်တွင်လည်း ရွေးကောက်ပွဲကျင်းပမည့်နယ်မြေများကို နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်များ အရှိန်တိုးမြှင့်လုပ်ဆောင်နိုင်ရန် စစ်ကော်မရှင်တပ်ဖွဲ့မှ မြန်မာနိုင်ငံတောင်ပိုင်းတွင် စစ်ကြောင်းထိုးမှု ဆက်တိုက်လုပ်ဆောင်လျှက်ရှိသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...