ဖယ်ခုံ နေရပ်ပြန် စစ်ရှောင်များ မြေမြှုပ်မိုင်းကြောင့် လယ်ယာလုပ်ရန် အခက်အခဲဖြစ်နေ

ဖယ်ခုံ နေရပ်ပြန် စစ်ရှောင်များ မြေမြှုပ်မိုင်းကြောင့် လယ်ယာလုပ်ရန် အခက်အခဲဖြစ်နေ

သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် နားဟီးရွာ နေရပ်ပြန်စစ်ဘေးရှောင်များသည် မြေမြှုပ်မိုင်းများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်ခဲဖြစ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ ဇွန်လဆန်းပိုင်းမှ စတင်ပြီး ဇူလိုင်လအထိ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့ တကျော့ပြန်လည် ထိန်းချုပ်နိုင်ရန် တော်လှန်ရေး တပ်ပေါင်းစုများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများပြင်းထန်ကာ ဒေသခံ တစ်သောင်းဝန်ကျင်သည် နီးစပ်ရာမြို့သို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်လအကြာတွင် စစ်ကော်မရှင်တပ်နှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ်တို့က ဖယ်ခုံအရှေ့ဘက်ခြမ်းကို ပြန်လည်သိမ်းယူပြီး စစ်ရှောင်များကို နေရပ်ပြန်ခေါ်ခဲ့ပြီး မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် တောင်ယာလုပ်ငန်း ဆက်လက် မလုပ်ကိုင်ရဲတော့ကြောင်း နေရပ်ပြန် စစ်ရှောင်များက ပြောသည်။

“စစ်ရှောင်ရတုန်းက သူများနားက ချေးငှားပြီး ရှောင်ရတာ။ ပြန်လာတော့ အကြွေးကလည်း ဆပ်ဖို့လိုတယ်။ တောင်ယာတွေ တောခြံတွေသွားမယ်ဆိုတော့ မြေမြှုပ်မိုင်းကို ကြောက်နေရတယ်။ နေ့စားလုပ်ပြီး တစ်နေ့စာ တစ်နေ့ ဖြေရှင်းနေရတယ်။ အဆင်မပြေပါဘူး လွတ်လပ် လုပ်ကိုင်စားလို့မရဘူး။ မိုင်းနင်းမိရင် သေသွားရင် အကြောင်းမဟုတ်ဘူး ခြေပြတ်လက်ပြတ်ဖြစ်ပြီး ဒုက္ခရောက်နေရင် ရှင်လျက်နဲ့ သေလူလိုဖြစ်နေမှာ။” ဟု နေရပ်ပြန် စစ်ရှောင် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်တွင် နားဟီးကျေးရွာမှ အသက် (၃၀) ကျော်အရွယ် စိုင်းပြားနှင့် စိုင်းစိတ္တတို့ ညီကိုနှစ်ယောက်သည် မျှစ်ချိုးရန်၊ မှိုရှာရန် တောထဲတွင် လှည့်ပတ်ချိန်တွင် မြေမြှုပ်မိုင်းနင်းမိပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

မြေမြှုပ်မိုင်းနှင့် ပတ်သက်သည့် အသိပညာများကို လေ့လာမှတ်သားထားပြီး သတိထားသွားလာရန် လိုအပ်ကြောင်း၊ မသင်္ကာပစ္စည်းများနှင့် မြေမြှုပ်မိုင်း တွေ့ရှိလျှင် ရပ်ရွာအကြီးကဲများကို အသိပေးသင့်ကြောင်း သျှမ်းလူငယ် အဖွဲ့အစည်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆိုရင် ရွာသားတွေက ပြန်နေပေမဲ့လည်း တောင်တွေ လယ်ယာလမ်းတွေမှာ မြေမြှုပ်မိုင်းတွေ ခနခနတွေ့တယ်။ ဘယ်အဖွဲ့က မြေမြုပ်မိုင်းမှန်းတော့ မသိဘူး။ မြေမြုပ်မိုင်းတွေ အရမ်းများလို့ တစ်နေရာသွားရင် သတိထားသွားရမယ်။ မြေမြုပ်မိုင်းတွေ့ရင် ရပ်ရွာထဲက လူကြီးတွေကို သတိပေးရမယ်။ မိုင်းနဲ့ ပတ်သက်ပြီး အသိပညာတွေရှိထားသင့်တယ်။”ဟု ၎င်း သျှမ်းလူငယ်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

ဖယ်ခုံအင်း အရှေ့ဘက်တွင် နေရပ်ပြန်စစ်ရှောင်များ ၈၀၀၀ ကျော်ရှိပြီး စစ်ကော်မရှင်နှင့် PNO ပြည်သူ့စစ်တို့က နယ်မြေစိုးမိုးထားကာ ကျေးရွာများတွင် တပ်စွဲနေထိုင်နေကြောင်း သိရသည်။

နယ်မြေစိုးမိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဒေသခံများ အန္တရာယ်ကင်းရှင်းစေရန် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လာရောက် လုပ်ဆောင်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီမှ ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့ တကျော့ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေသည့် ဖယ်ခုံမြို့နယ် ဒေသခံများကို ရွေးကောက်ပွဲ မတိုင်ခင် နေရပ်ပြန်ခိုင်းနေကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...