ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာတွင် တောင်ကျ ရေစီးဝင်မှုကြောင့် ဆေးရုံဝန်းအတွင်း ပိတ်မိနေသည့် လူနာ ၂၀ ကျော်ကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း ရင်ခုန်သံ
ရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။ညောင်ခြေထောက်ကျေးရွာ တိုက်နယ်ဆေးရုံအတွင်း ယနေ့ (စက်တင်ဘာ ၃၀ ရက်)နံနက် ၅ နာရီခွဲအချိန်က တောင်ကျရေများစီးဝင်လာကာ ဆေးကုသမှုခံယူနေသည့် လူနာများ ပိတ်မိခဲ့ခြင်း ဖြစ်သည်။“ညောင်ခြေထောက်မှာက ပြောင်သေချောင်းဆိုတာရှိတယ် သူက တောင်ကျရေ ရံဖန်ရံခါ စီးတတ်တယ်။ မနက် ၅ခွဲလောက်မှာ တောင်ကျရေစီးပြီးတော့ ရေတွေ ဇွတ်ဝင်တာ” ဟု ရင်ခုန်သံရှင်ရေးကူညီရေးအသင်း နာယကဆရာတော် အရှင်တေဇက မဇ္ဈိမကို မိန့်ကြားသည်။ရုတ်တရက် တောင်ကျရေစီးဝင်မှုကြောင့် ဆေးရုံဝင်းအတွင်း ရေအမြင့် လေးပေနီးပါးအထိ ဝင်ရောက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။သို့သော် ဆေးရုံဝင်းအတွင်း ပိတ်မိနေသည့် လူနာများကို ဒေသတွင်းလူမှုကူညီရေးအသင်းများပူးပေါင်းကာ လှေများ၊ လူနာတင်ယာဉ်များဖြင့် ကူညီကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ရသည်။“ကယ်ထုတ်ပေးလိုက်တဲ့ လူနာ စုစုပေါင်းက ၂၁ ဦးပါ။ သူတို့ကို ကျွဲပွဲမြို့တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးလိုက်ပါတယ်။ လက်ရှိ ညောင်ခြေထောက်မှာ မိုးက ဆက်ရွာနေတုန်းပါ။ ရေက အားလုံးတော့ ပြန်မကျသေးပါဘူး။” ဟု မေတ္တာရင်ဝယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။ပြီးခဲ့သည့်နှစ် မိုးရာသီကလည်း ညောင်ခြေထောက်ရွာတွင် တောင်ကျရေစီးဝင်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သေးသည်။“တောင်ပေါ်မှာ မိုးကောင်းတယ်ထင်တယ်။ ပြောင်သေချောင်းက တောင်ကျရေ ဆောင့်ဝင်မှ ရေတွေ လျှံထွက်တာ။ မနှစ်ကလည်း တခါဖြစ်တယ်။ အဲ့ဒီ့တုန်းကတော့ ညနေကြီးဖြစ်တာဆိုတော့ အဲ့တုန်းက ကယ်ရတာခက်ခဲခဲ့တယ်။ အခုတော့ မနက် ၅ ခွဲလောက်ဖြစ်တာဆိုတော့ ကယ်ရင်းနဲ့ မိုးလင်းသွားတာပေါ့” ဟု ရင်ခုန်သံရှင်ရေးကူညီရေးအသင်း နာယကဆရာတော်က မိန့်သည်။ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းမှုများခြင်း၊ မြစ်ရေမြင့်တက်ခြင်းနှင့် တောင်ကျရေကြောင့် ဒေသတချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုများလည်း ရှိနေသည်။ ယခု စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေးတိုင်းနှင့် နေပြည်တော်ရှိ ဒေသတချို့တွင် မြေပြိုမှု၊ သစ်ပင်ပြိုလဲမှုနှင့် တောင်ကျရေစီးဆင်းမှုများကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။လက်ရှိတွင် မန္တလေးတိုင်း ကျောက်ပန်းတောင်မြို့နယ်ရှိ ကြက်မောက်တောင်ဆည်အောက် ဆည်ရေပိုလွှဲမှ ရေလျှံနေသည့်အတွက် မိထ္ထီလာ-ကျောက်ပန်းတောင်းလမ်းအား ယာယီ ပိတ်ထားပြီး ပျော်ဘွယ်တွင်လည်း ရေကြီးမှုများဖြစ်နေကြောင်း ဒေသခံများက လူမှုကွန်ရက်တွင် ရေးသားထားသည်။
အဆိုပါဖြစ်စဉ်များအား အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမက ဒေသခံများနှင့် အဆက်အသွယ်ရရှိရေး လုပ်ဆောင်နေသည်။စစ်ကော်မရှင်လက်အောက်ခံ မိုးဇလဌာန၏ ယနေ့ နံနက်ထုတ်ပြန်သည့် မိုးလေဝသခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ် အော်တွင် မုတ်သုံလေအားကောင်းနေပြီး လာအိုနိုင်ငံကို ဝင်ရောက်ခဲ့သည့် အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” သည် လေပွေလှိုင်းအဖြစ် အားလျော့ကာ နောက် ၁၂ နာရီအတွင်း မြန်မာနိုင်ငံ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းသည်။လေပွေလှိုင်း၏ အရှိန်ကြောင့် ယနေ့ နံနက်ပိုင်းမှစ၍ အောက်တိုဘာလ ၁ ရက်နေ့အထိ မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းမှု ဆက်ရှိနိုင်ပြီး ဒေသတချို့တွင် နေရာကွက်မိုးကြီးနိုင်ကြောင်း မိုးဇလက အသိပေးသည်။မိုးသည်းထန်းစွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် သဘာ၀ဘေး အန္တရာယ်များ ဖြစ်နိုင်ပြီး အမြင့်ပိုင်းဒေသနေထိုင်သူများအနေဖြင့် မြေပြိုမှု၊ မြစ်ချောင်းဘေးနေထိုင်သူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများအား ကြိုတင်သတိပြုကြရန် မိုးဇလက တိုက်တွန်းထားသည်။
photo credit - CJ







