မွန်ပြည်နယ်ထံ စစ်ရှောင်လာသူတွေကို စစ်ကော်မရှင် ဖမ်းဆီးငွေညှစ်နေ

မွန်ပြည်နယ်ထံ စစ်ရှောင်လာသူတွေကို စစ်ကော်မရှင် ဖမ်းဆီးငွေညှစ်နေ

နိုင်ငံအနှံ့ တိုက်ပွဲတွေကြောင့် မွန်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကော်မရှင်တပ် ဖမ်းဆီးငွေညှစ်နေပြီး အဲဒီထဲက စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေ စစ်သားစုဆောင်းခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်းအပြင် တခြားဒေသက စစ်ရှောင်လာတဲ့ ပြည်သူလူထုတွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ရှောင်ပြည်သူတွေကို မြို့ဝင် မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးမှု တင်းကျပ်တာ၊ ငွေကြေး အဆမတန် တောင်းခံပြီးမှ မြို့တွင်းဝင်ခွင့်ပြုတာအပြင် မထင်ရင်မထင်သလို ဖမ်းဆီးထားတာတွေကအစ လုပ်ဆောင်နေတာပါ။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးက စစ်ကော်မရှင်ဟာ စစ်ရှောင်ပြည်သူလူထုတွေကို မိသားစုအလိုက် ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး အဲဒီထဲက လူငယ်တချို့ကို ဆက်လက်ဖမ်းဆီးထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ဘေးရှောင်တာ များပါတယ်။ မိသားစုလိုက်တောင် ရှိတယ်။ သူတို့ ခေါ်သွားတယ်။ စစ်ဆေးနေတယ်။ အများကြီးပဲ။ နောက်ကြောင်းကို လိုက်တာတွေ အလွယ်တကူပေါ့ ဝရမ်းမပါဘဲ ဖမ်းလို့ ရတာတွေပေါ့။ စစ်ဘေးရှောင်လာတယ်ဆိုတာ သူတို့ အထောက်အထားတွေလည်း ပါလာတယ်။ အိမ်ထောင်စုစာရင်း သန်းခေါင်စာရင်း မှတ်ပုံတင်ကအစ အကုန်လုံး ပါလာတယ်။ ထောက်ခံချက်ကအစ ရပ်ကွက်က ယူခဲ့ပေးတယ်။ ဒါတွေတောင် သူတို့ အလွတ်မပေးဘူးပေါ့။ ၅ ယောက်မှာ ၂ ယောက်တော့ လွတ်ပေးလိုက်တယ်။ ၃ယောက်တော့ ဆွဲခေါ်သွားပြီးလို့ ကြားတယ်။ အဲဒီလိုမျိုးပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် တခြားဒေသက စစ်ဘေးရှောင်လာတဲ့သူတွေဟာ နေထိုင်တဲ့ နေရာတွေကို စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးမှာ ဧည့်စာရင်းတိုင်ရတဲ့အတွက် အခုလို လွယ်လွယ်ကူကူ ဖမ်းဆီးစစ်ဆေးခံနေရတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို ဖမ်းဆီးခံရတဲ့ စစ်ဘေးရှောင်တွေဟာ အနည်းစုလောက်သာ ငွေကြေး အဆမတန်ပေးပြီး ပြန်လွတ်လာပေမယ့် ငွေကြေးမတက်နိုင်သူတွေကိုတော့ စစ်မှုထမ်းအတွက် တပ်သားသစ်အဖြစ် စုဆောင်းလိုက်တာတွေကအစ ရှိတယ်လို့ ဆိုပါတယ်။

တဖက်မှာ မွန်ပြည်နယ် စစ်ကော်မရှင်ဟာ ရှမ်းပြည်နယ် မှတ်ပုံတင်ဖြစ်တဲ့ (၁၃/) နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ မည်သူမဆို စက်တင်ဘာ ၁၇ ရက်နေ့ကစပြီး သူတို့ သတ်မှတ်ထားတဲ့ ဟိုတယ် ၂ လုံးနဲ့ မိုတယ် ၁ လုံးမှာသာ တည်ခိုးဖို့ ကန့်သတ်ထားပါတယ်။

ဓါတ်ပုံ - (Crd - ပုံဟောင်း)
August 15, 2026
မွန်ပြည် လွှတ်တော်တွင် မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစု၏ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို...
August 14, 2026
မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏...
ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...