မောင်တောနှင့် ဘူးသီးတောင်ရှိ မွတ်ဆလင် ငါးထောင်ကျော်အတွက် HDCO က စားနပ်ရိက္ခာ၊ အမိုးအကာ၊ ငွေကြေးနှင့် ဆေးဝါးများထောက်ပံ့

မောင်တောနှင့် ဘူးသီးတောင်ရှိ မွတ်ဆလင် ငါးထောင်ကျော်အတွက် HDCO က စားနပ်ရိက္ခာ၊ အမိုးအကာ၊ ငွေကြေးနှင့် ဆေးဝါးများထောက်ပံ့

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ အနောက်ဘက်နယ်စပ်မြို့များဖြစ်သော မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်လူဦးရေ ငါးထောင်ကျော်အတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ငွေကြေးနှင့် အခြားလိုအပ်သည့် အကူအညီများကို AA လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

အဆိုပါမြို့နယ်နှစ်ခုရှိ ရပ်ကွက်/ကျေးရွာ (၁၀)ခုမှ အကူအညီလိုအပ်လျက်ရှိသည့် မွတ်ဆလင်အိမ်ထောင်စု (၇၈၉)စု၊ လူဦးရေ (၅,၀၀၄)ဦးအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် တခြားလိုအပ်သည့် အကူအညီများကို HDCO မြို့နယ်ရုံးတာဝန်ရှိသူများက အလှူရှင်များ၊ မိတ်ဖက်ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဇူလိုင်လမှ ဩဂုတ်လအတွင်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း HDCO ၏ ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ထောက်ပံ့ခဲ့သည့်ရိက္ခာနှင့် အကူအညီများတွင် ဆန် ၄၂၉ အိတ်၊ တာပေါ်လင် ၂၄၈ ချပ်၊ ငွေသား ၆,၈၈၀,၀၀၀ ကျပ်၊ ကိုယ်ဝန်ဆောင်အားဆေး ၂၀၉ ကဒ်နှင့် မျိုးစပါး ၂၀ အိတ်တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခုလို စစ်ပွဲကာလအတွင်း ဒုက္ခရောက်နေသည့်အချိန်တွင် လူမျိုးရေးမခွဲခြားဘဲ ထောက်ပံ့သည့်အပေါ် ကောင်းမွန်သည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း မောင်တောမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"လူအချင်းချင်း ကိုယ်ချင်းစာနာစိတ်ရှိတယ်လို့မြင်တယ်။ မွတ်ဆလင်တွေမှာလည်း ဆင်းရဲတဲ့သူတွေများတယ်။ ခက်ခဲနေတဲ့အချိန်မှာ ပျော်ကြမှာပေါ့။ ဝမ်းသာအားရဖြစ်ကြမှာပေါ့။ ကိုယ်တွေအနေနဲ့ လူမျိုးမခွဲခြားဘဲ ဒီလိုထောက်ပံ့ပေးတဲ့အတွက်တော့ ကောင်းတယ်လို့မြင်မိတယ်" ဟု ပြောသည်။

HDCO သည် အာရက္ခပြည်အတွင်း လူသားချင်းစာနာမှု အကူအညီများ ရရှိမှုနည်းပါးသည့် မြို့နယ်များနှင့် အရေးပေါ် အကူအညီအထောက်အပံ့များမရရှိဘဲ အခက်အခဲ ကျရောက်နေသည့် နေရပ်စွန့်ခွာ ပြည်သူများအပါအဝင် ဒေသခံပြည်သူများထံသို့ အကူအညီများရောက်ရှိရေးကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

HDCO အနေဖြင့် လိုအပ်ချက်မြင့်မားပြီး အကူအညီ အထောက်အပံ့ရရှိမှုနည်းပါးသည့် မြိုနယ်များ၊ အကူအညီ မရရှိသေးသည့် စစ်ဘေးရှောင်ပြည်သူများအပါအဝင် ဒေသခံပြည်သူများကို အရေးပေါ်အကူအညီများ ပေးအပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။

AA ထိန်းချုပ်ထားသည့်မြို့နယ်များအနက် ရခိုင်မှ မြို့နယ် ၁၁ ခုနှင့် ပလက်ဝမြို့နယ်တို့မှ စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူနှစ်သောင်းကျော်အတွက်လည်း ယခုမိုးရာသီကာလအတွင်း ကျန်းမာရေးခြင်ထောင်အလုံးရေ ၆၀၀၀ ကျော်ထောက်ပံ့ခဲ့ကြောင်း HDCO က စက်တင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...