မွန်ပြည်နယ်မှာ မိုးမကုန်မီကတည်းက လောင်းကစားဝိုင်းတွေ အကြီးအကျယ် ခွင့်ပြုပေးနေ

မွန်ပြည်နယ်မှာ မိုးမကုန်မီကတည်းက လောင်းကစားဝိုင်းတွေ အကြီးအကျယ် ခွင့်ပြုပေးနေ

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ဟာ ပွင့်လင်းရာသီ မရောက်ခင်ကတည်းက ဇာတ်ပွဲတွေ သွင်းကာ လောင်းကစားဝိုင်းတွေကို အကြီးအကျယ် ခွင့်ပြုပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ သူတို့ ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်အတွင်း ပွဲလမ်းသဘင်တွေမှာ စည်ကားစေဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အခုကတည်းက လောင်းကစားဝိုင်းတွေကို ပုံစံအမျိုးမျိုးနဲ့ ကန်ထရိုက်ပေးကာ တရားဝင်သဖွယ် ဖွင့်ခွင့်ပြုနေတာပါ။

အာဏာသိမ်း စစ်ကော်မရှင်ဟာ ရပ်ကွက်နဲ့ကျေးရွာအတွင်း ဘုရားပွဲ၊ ဆွမ်းကြီးလောင်းပွဲအပြင် တခြားခေါင်းစဉ် အမျိုးမျိုးပြပြီး ဇာတ်ပွဲတွေကို ရက်ရှည်သွင်းကာ လောင်းကစားဝိုင်းတွေကို ခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။

ဒေသခံ လူငယ်တစ်ဦးကတော့ စစ်ကော်မရှင်က ဘုရားပွဲတွေ ရပ်ကွက်ပွဲတွေကို အကြောင်းပြပြီး လောင်းကစားဝိုင်းတွေကို ရက်ရှည်ထည့်သွင်း ကျင်းပနေမှုအပေါ် လက်မခံနိုင်ဘူးလို့ ဝေဖန်ပါတယ်။

“အရင်နှစ်စဉ်နှစ်တိုင်းလုပ်တဲ့ ဘုရားပွဲတို့လိုမျိုးတွေ ဘာမျိုးတွေ ရပ်ကွက်ပွဲမှာပဲ ပွဲတွေသွင်းပြီးတော့ ၆ ည ၇ ည ကစားဝိုင်းပေါ့။ ကျွန်တော်အနေနဲ့က အဆင်မပြေဘူးပေါ့။ ဘာလို့ဆိုတော့ ဥပမာ ဘုရားပွဲ ရပ်ကွက်ပွဲ နှစ်စဉ်နှစ်တိုင်းပွဲ ဆိုရင်တောင်မှ သမားရိုးကျ လုပ်ရင်တောင်မှ ကျွန်တော်တို့ လက်ခံပေးလို့ ရတာပေါ့။ အခုလိုမျိုး ကစားဝိုင်းသွင်းပြီးတော့ ဘုရားပွဲ မဟုတ်တော့ဘူးဗျာ ကစားဝိုင်းသွင်းဖို့အတွက်ကို ဗန်းပြပြီးတော့ နှစ်စဉ်နှစ်တိုင်း အစဉ်အလာပွဲကို ဗန်းပြတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် တချို့ပွဲတော်တွေဟာ ခေတ်အဆက်ဆက် ပုံမှန်အတိုင်း ကျင်းပခဲ့ရာမှ အခုလို လောင်းက စားဝိုင်းတွေ သွင်းတဲ့အတွက် အမြင်မှားစရာ ဖြစ်စေသလို လူငယ်တွေကိုလည်း အတုယူမှားပြီး လမ်းမှားရောက်စေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင်က တရားဝင် သဖွယ် အကြီးအကျယ် ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကိုတော့ စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေအပြင် ပြည်သူ့ လုံခြုံရေးနှင့်အကြမ်း ဖက် နှိမ်နင်းရေးအဖွဲ့တွေက လုံခြုံရေး ယူပေးထားတာပါ။

အခုလို လောင်းကစားဝိုင်းတွေကို စစ်ကော်မရှင်က နေရာအနှံ့ ခွင့်ပြုထားတဲ့အတွက် ဒေသတွင်းမှာ မကြာခဏဆိုသလို ဆိုင်ကယ်ပျောက်ဆုံးတာ၊ နေအိမ်တွေ ဖောက်ထွင်းခံရတာ၊ လုယက်ခိုးယူတာတွေအပြင် လူသတ်ပစ္စည်းလုယူတာတွေက အစ ဖြစ်ပေါ်လာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါ့အပြင် လောင်းကစားဝိုင်း တွေနဲ့ ပတ်သက်ပြီး ဒေသခံတွေက မလိုလားပေမယ့် စစ်ကော်မရှင်ကို မပြောရဲကြသလို ပြောဆိုပါကလည်း အသက် အန္တရာယ် ခြိမ်းခြောက်တဲ့အထိ ရှိလာတဲ့ အတွက် တိတ်တဆိတ်သာ နေနေရတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင် အာဏာသိမ်းထားတဲ့ ငါးနှစ်နီးပါးကာလအတွင်း လောင်းကစားဝိုင်းတွေကို တရားဝင် သဖွယ် ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုပေးပြီးနောက်မှာတော့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ နေ့စဉ်နီးပါး ခိုးဆိုးလုယက်မှုတွေ ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။

Most read this week

February 11, 2026
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်တွေအပါအဝင် ဆက်စပ်တဲ့ အချက်အလက်...
February 10, 2026
အာဏာသိမ်းစစ်တပ်က နိုင်ငံရေးဆင့်ကဲအခင်းအကျင်းတွေကို တဆင့်ချင်း လုပ်ဆောင်နေတဲ့အတွက်...
February 9, 2026
မွန်ပြည်နယ်ရဲ့ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ စစ်ကော်မရှင်တပ်ရဲ့ နေ့စဉ်ရက်ဆက် လက်...
ဓာတ်ပုံ-Social Media
February 7, 2026
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေး စံချိန်တင်မြင့်တက်လာပြီးနောက် မွန်ပြည်နယ်က ရွှေလုပ်...