မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် လုံလောက်သော ဆေးကုသခွင့် မရသည့်အတွက် ယခုနှစ်အတွင်း နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း အယောက် ၂၀ ဦးအသက်ဆုံးရှုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် PPNM က ပြောသည်။
ယခုနှစ် ဇန္နဝါရီလမှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ အကျဉ်းထောင်များအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မပေးခြင်း၊ အချိန်မီ ဆေးကုသခွင့် မပေးခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အနည်း ဆုံး အယောက် ၂၀ ဦးအသက် ဆုံးရှုံးခဲ့သည်ဟု PPNM က မှတ်တမ်းတင်ထားသည်။
(PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်တာ၊ ဆေးဝါးတွေ ပြတ်လပ်တာ၊ ပြင်ပဆေးရုံတွေကို အချိန်နဲ့တပြေးညီ မပို့တာတွေကြောင့်မို့လို့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးနေရပါတယ်။ အဆိုးဆုံး ဒီနှစ်ထဲမှာ သေဆုံးနေတဲ့ ထောင်ဆိုရင်တော့ မန္တလေး အိုးဘို အကျဉ်းထောင် ဖြစ်ပါတယ်” ဟု ပြောသည်။
ဆေးကုသခွင့် မရရှိမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ အယောက် ၂၀ ဦး တို့သည် မန္တလေး အိုးဘိုအကျဉ်းထောင်၊ ဒိုက်ဦး၊ မြောင်းမြ၊ သာယာဝတီ၊ ကော့သောင်း၊ ပေါင်းတည်၊ အင်းစိန်၊ ရမည်းသင်းနှင့် သရက်အကျဉ်းထောင်တို့မှ ဖြစ်သည်ဟု ဆိုသည်။
ထိုနိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ အများစုသည် သွေးတိုး၊ ဆီးချို၊ အသည်း၊ နှလုံး၊ အစာအိမ်၊ ကျောက်ကပ်၊ ပန်းနာရင်ကြပ်နှင့် အမောဖောက်ခြင်း စသည့် ကျန်းမာရေး အခြေအနေများကို ခံစားရပြီး ဆေးဝါးစောင့် ရှောက်မှု အချိန်မှီ မရရှိမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
“အထူးသဖြင်တော့ ထောင်တွင်းကျန်းမာရေးကြောင့် ဆုံးတယ်ဆိုပေမဲ့ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာမရရှိလို့ အသက်သေဆုံးခဲ့ရတယ် ဆိုရင် ပိုပြီးတော့မှ မှန်ကန်တယ်။ ထောင်တစ်ထောင်မှာ ဆရာဝန် အင်အားဟာ ၃ ဦးကနေ ၅ ဦးအထိ ရှိပါတယ်။ အင်းစိန်လိုမျိုး သောင်းဂဏန်း ဝန်းကျင်ရှိတဲ့ အကျဉ်း သားတွေကို ထိထိရောက်ရောက် ကာဗာဖြစ်အောင် ကုသပေးဖို့ အတွက်ဆိုရင် အင်မတန်ကိုမှ အခက်အခဲ ရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။”
မကွေးတိုင်း၊ သရက်အကျဉ်းထောင်တွင် ညွှန်မှူးလမ်းကြောင်းရှိနေ၍ အရေးပေါ်လူနာကို ထောင်အာဏာပိုင် များ က အချိန်မီ ဆေးကုသခွင့် မပေးခဲ့သဖြင့် နိုင်ငံရေး အကျဉ်းသား ကိုကျော်လင်းအောင် သည် စက်တင်ဘာလ ၁၇ ရက်နေ့၊ ညနေပိုင်းတွင် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရသည်ဟု PPNM က ဆိုသည်။
အဆိုပါ သရက်အကျဉ်းထောင်ရှိ ထောင်ပိုင် ဦးစိုးနောင်သည် နိုင်ငံရေး အကျဉ်းသားများအပေါ် အကျဉ်းထောင် ဥပဒေကို လက်တစ်လုံးခြား လုပ်ကာ ဖိနှိပ်မှုများကိုလည်း စနစ်တကျ ကျူးလွန်နေသည်ဟု PPNM က ဆိုသည်။
အကျဉ်းထောင်များ အတွင်း အကျဉ်းသူ/သားများအား ဆေးဝါးကုသခွင့် မပေးခြင်းသည် လူသားတစ်ယောက် ရရှိရမည့် အသက်ရှင်သန်ပိုင်ခွင့်ကို အတိအလင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟု ကိုသိုက်ထွန်းဦးက ဆက်ပြော သည်။
“အထူးသဖြင့် အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေဟာ အကျဉ်းသား အခွင့်အရေးရော လူ့အခွင့်အရေးရော ဆုံးရှုံးနေတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ထောင်ထဲမှာရှိတဲ့ လက်ရှိ ပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်ရှင်သန် ပိုင်ခွင့်ကို အဆိုးဝါးဆုံး ခြိမ်းခြောက်ခံရတဲ့ အခြေအနေမှာ ရောက်နေတယ်လို့ ပြောချင်ပါတယ်။ အဲ့တော့ အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးတာ အကျဉ်းသားတွေ အရေးပေါ်ဖြစ်တဲ့ အခြေအနေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြင်ပဆေးရုံ မထုတ်တာဟာ တစ်ဖက်ကနေ နိုင်ငံရေး အကျဉ်းသားတွေ အသက်သေဆုံးအောင် သတ်ဖြတ်နေခြင်း ဖြစ်ပါတယ်။”
နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အခြား အကျဉ်းသားများသည် အကျဉ်းထောင်ထဲတွင် အကျဉ်းသားတစ်ဦး ရရှိရမည့် အခွင့်အရေးများ ဆုံးရှုံးနေရသည်။
အထူးသဖြင့် အခြေခံ အကျဆုံးဖြစ်သည့် စားသောက်နေထိုင်ရေးနှင့် ကျန်းမာစွာ ထောင်တွင်းတွင် အသက်ရှင် နေထိုင်ရေးသည် အပြည့်အဝ ရရှိရမည် ဖြစ်သော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် ချိုးဖောက် ခံနေရသည့် အခြေအနေ တစ်ခု ဖြစ်နေသည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
အကျဉ်းထောင်များတွင် အကျဉ်းသား အခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အဓိက ကျူးလွန် နေသူများ၊ ပါဝင်နေသူများအနေဖြင့် ရပ်တန်းမှရပ်ရန် PPNM ဆိုသည်။
တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ဆက်လက်ကျူးလွန်နေပါက ကျူးလွန်သူများကို ဆက်လက် ဖော်ထုတ်သွားမည် ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသူ/သားများ အတွက် တရားမျှတမှု အပြည့်အဝရရှိရေး ဆောင်ရွက်သွားမည် ဖြစ် ကြောင်း PPNM က စက်တင်ဘာလ ၁၉ ရက်နေ့ တွင် သတိပေးထုတ်ပြန်ထားသည်။







