အကြမ်းဖက်မြန်မာလေတပ်က သရက်တစ်ပင်ရှိ အလွတ်သင်စာသင်ကျောင်းများကို ဗုံးကြဲ၍ ကျောင်းသားအများအပြားသေဆုံးပြီးနောက် ရခိုင်ပြည်တွင်းရှိ အလွတ်သင်ကျောင်းများအားလုံးနီးပါး ပိတ်ထားလိုက်ရ

အကြမ်းဖက်မြန်မာလေတပ်က သရက်တစ်ပင်ရှိ အလွတ်သင်စာသင်ကျောင်းများကို ဗုံးကြဲ၍ ကျောင်းသားအများအပြားသေဆုံးပြီးနောက် ရခိုင်ပြည်တွင်းရှိ အလွတ်သင်ကျောင်းများအားလုံးနီးပါး ပိတ်ထားလိုက်ရ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ သရက်တပင်ကျေးရွာမှ ကိုယ်ပိုင်အထက်တန်းကျောင်းနှစ်ကျောင်းကို အကြမ်းဖက် မြန်မာလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေကြောင်းအန္တရာယ်စိုးရိမ်သည့်အတွက် ကျေးရွာအချို့၏အလွတ်သင် ပညာသင်ကျောင်းများတွင် လာရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို မိဘများက ပြန်လည်ခေါ်ယူသွားသဖြင့် စာသင်ကျောင်းများအားလုံးနီးပါး ပိတ်ထားလိုက်ရသည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့နယ်အတွင်းရှိကျေးရွာအချို့တွင် မိမိအစီအစဉ်ဖြင့် ပညာသင်ကြားရန် ကျောင်းအိပ် ကျောင်းစား စနစ်ဖြင့် အခြားကျေးရွာများမှ စေလွှတ်ပညာသင်ကြားခိုင်းထားသည့် Grade – 8 မှ Grade – 12 အဆင့် ကျောင်းသား၊ ကျောင်းသူများကို သူတို့၏မိဘများက စက်တင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းမှစတင်ကာ ပြန်လည်ခေါ်ယူနေကြခြင်း ဖြစ်သည်။

ကျောက်တော်မြို့နယ်ရှိကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးက “မနေ့က မနက်ကနေ စက်လှေတွေ စင်းလုံးငှားပြီးလာခေါ်နေကြတာ။ သရက်တပင်ရွာဗုံးကြဲခံရမှုကြောင့် သူတို့သားသမီးတွေကိုလည်း စိုးရိမ်တဲ့အတွက် လာခေါ်ကြတာပါ”ဟု ပြောသည်။

ယင်းအပြင် ကျေးရွာအချို့တွင် စာသင်ကျောင်းအခြေပြုမဟုတ်ဘဲ မိမိအစီအစဉ်ဖြင့်ဖွင့်လှစ်သင်ကြားပေးနေသည့် စာသင်ဝိုင်းများကိုလည်း ခေတ္တရပ်နားထားသည်ဟု ကျောင်းသူ၊ ကျောင်းသားများက ပြောသည်။

“ကျနော်တို့ဝိုင်းကတော့ လေကြောင်းအန္တရာယ်ကြောင့် ဒီတစ်ရက်၊ နှစ်ရက် ရပ်ထားမယ်လို့ ဆရာမက ပြောပါတယ်” ဟု ပြောသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားသည့် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က စာသင်ကျောင်းများအပါအဝင် အရပ်သားပြည်သူများနေထိုင်ရာ မြို့/ရွာများကို လေကြောင်းမှ အဓိက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်နေသည့်အတွက် အစိုးရ စာသင်ကျောင်းများကိုလည်း ပိတ်ထားရပြီး ယခုတစ်ဖန် ပုဂ္ဂလိကအလွတ်သင် ပညာသင်ကျောင်းများကို ထပ်မံ ဦးတည် တိုက်ခိုက်လာသည်ဟု သိရသည်။

ယင်းသို့ပိတ်ထားရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း စာသင်ကျောင်းအခြေပြု သင်ယူရေးစနစ်ကို ကျင့်သုံးနိုင်ခြင်းမရှိဘဲ မိမိတို့အစီအစဉ်ဖြင့်သာ အဆင်ပြေသလို သင်ယူနေကြရခြင်းဖြစ်ပြီး ပုဂ္ဂလိကအလွတ်သင်ကျောင်းများကို ထပ်မံပိတ်ထားလိုက်ရသဖြင့် ပညာရေးအတွက် အထူးနစ်နာမှုများ ဖြစ်ပေါ်လာခဲ့ရသည်။

စက်တင်ဘာလ ၁၂ ရက်၊ ညဉ့် ၁ နာရီကျော်တွင် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းနှင့် အမြင်သစ်စသည့် ကိုယ်ပိုင်အထက်တန်းကျောင်းနှစ်ကျောင်းကို အကြမ်းဖက်လေတပ်က ပေါင် ၅ဝဝ ဗုံးနှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသားများအပါအဝင် ကျောင်းအနီးအနားရှိ အရပ်သားပြည်သူများ စုစုပေါင်း ၂၃ ဦးအထိသေဆုံးခဲ့ပြီး ၂၂ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။

သေဆုံး၊ ဒဏ်ရာရသူများထဲတွင် Grade – 8 မှ Grade – 12 အဆင့်ရှိ ကျောင်းသူ၊ ကျောင်းသားများပါဝင်ခဲ့သည်။

သေဆုံး၊ ဒဏ်ရာရသွားသည့်ကျောင်းသူ၊ ကျောင်းသားများတွင် ကျောက်တော်၊ မြောက်ဦး၊ မောင်တောစသည့် မြို့နယ်များရှိ ကျေးရွာအများအပြားမှ ပါဝင်သည်ဟု သိရသည်။

ယင်းသို့ ကျောင်းသူ၊ ကျောင်းသားများကိုလည်း စစ်အုပ်စုက ပစ်မှတ်ထားတိုက်ခိုက်နေသည့်အတွက် ရခိုင်တွင် မိမိအစီအစဉ်ဖြင့်ပညာသင်ယူနေရသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘများ စိုးရိမ်မှု မြင့်တက်နေကြရခြင်းဖြစ်သည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...