ပြည်ပရောက်သူများ PNO စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄ သိန်းပေးဆောင်ရမည်

ပြည်ပရောက်သူများ PNO စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄ သိန်းပေးဆောင်ရမည်
Photo - PNO
Photo - PNO

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် ပြည်ပရောက်သူများ PNO/PNA စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ( စက်တင်ဘာ ၂)ရက် ညနေပိုင်းတွင် ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် PNO ဦးဆောင်ပြီး အစည်းဝေးခေါ်ယူကာ တစ်ရွာလျှင် ၅ ယောက်နှုန်းဖြင့် အလှည့်ကျ စစ်မှုထမ်းရမည်ဟု ညွှန်ကြားခဲ့ကြောင်း၊ ပြည်ပရောက်နေလျှင် ငွေကျပ် (၄သိန်း) ပေးဆောင်ရမည်ဖြစ်ပြီး ကျောင်းတက်နေသူဖြစ်လျှင် စစ်မှုထမ်းစရာမလိုကြောင်း PNOမှ အစည်းဝေးတွင် ပြောခဲ့ကြောင်း သိရသည်။

ထိုစစ်မှုထမ်းအတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများကို နံပါတ်စဉ်အလိုက် စာရင်းကောက်ယူထားပြီး အလှည့်ကျသူများသည် ဟိုနား ကျေးရွာတွင် စစ်သင်တန်း သွားတက်ရမည် ဖြစ်ကြောင်း အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“အရင်ကတော့ နှစ်ယောက်နှုန်းပဲ သွားရတယ်။ ဒီတစ်ခါ ငါးယောက်သွားရမှာ။ စစ်သင်တန်းကို ၁၅ ရက်သွားတက်ပြီး ပြန်လာရတယ်။ စစ်သင်တန်းမှာ အခြေခံ လိုအပ်တာတွေကို ရက်ပိုင်းသင်ပြီး ပေးပြန်တယ်။ နောက်လိုအပ်ရင်တော့ ထပ်ခေါ်မလားတော့မသိဘူး။သင်တန်းဆင်းပြီးတော့ အခုပေးပြန်တယ်။”ဟု အဆိုပါ အမျိုးသားက ဆိုသည်။

ထို့အပြင် စစ်မှုထမ်းစာရင်းပါသူများ ပြည်ပရောက်နေလျှင် နံပါတ်စဉ်အလိုက် အလှည့်ကျပါက မိမိအလှည့်ရောက်လျှင် ငွေကျပ် (၄သိန်း) ပေးဆောင်ရမည်ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကော်မရှင်၏ စစ်မှုထမ်းကြေး ထည့်ရသည့်အပြင် PNAပြည်သူ့စစ်အတွက် ကျည်ဆံဖိုးပါ ငွေကျပ် (၅သောင်း)ကို ထည့်နေရသည်မှာ ၂နှစ်နီးပါးရှိပြီဖြစ်ကြောင်း အသက် (၃၀)ဝန်းကျင် အဆိုပါ အမျိုးသားက ဆက်ပြောသည်။

“စစ်ကော်မရှင်အတွက်နဲ့ PNA ရဲ့ ကျည်ဆံဖိုးထည့်နေရတာကတော့ ကြာပြီပဲ။ PNAအတွက် စစ်မှုထမ်းကြေးက သပ်သပ်ထည့်ရတယ်။ကိုယ့်မှာ မရှိလဲ သူတို့အတွက် မရ ရအောင် ရှာထည့်ရတာပေါ့။လွန်ဆန်လို့မှ မရပဲဟာ။”ဟု ဆိုသည်။

ဆက်လက်ပြီး စံဖူးကျေးရွာအုပ်စု၊ စငေါကျေးရွာအုပ်စုတွင်လည်း ယမနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် အစည်းဝေးပြုလုပ်ခဲ့ပြီး စစ်မှုထမ်းရန်အတွက် ထပ်မံခေါ်ယူကာ တစ်ရွာလျှင် နှစ်ယောက်နှုန်း သွားရမည် ဖြစ်ကြောင်း အသက် ၄၀ ဝန်းကျင် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ညက အစည်းဝေးလုပ်တယ်။ စစ်မှုထမ်းဖို့ လူပြန်ခေါ်တာ။ ကျောင်းတက်နေတဲ့ သူကမပါဘူး။ ဘွဲ့ရပြီးရင်တော့ စစ်မှုပြန်ထမ်းရမှာပေါ့လေ။ သူတို့က ပိုက်ဆံထည့်ရုံနဲ့ မရတော့ဘူး တစ်ရွာနှစ်ယောက်နှုန်းနဲ့ ထပ်ခေါ်တာ။ မဖြစ်မနေ သွားရတော့မဲ့ အနေထားမှာရှိတယ်။”ဟု အဆိုပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တွင်လည်း ဟိုပုံးမြို့နယ် ဟိုနားကျေးရွာအနီးမှ စစ်တပ်လေ့ကျင့်ရေးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် PNAပြည်သူ့စစ်တပ်များက ညအချိန်၌ လက်နက်များပစ်ခတ်လေ့ကျင့် နေမှုများကြောင့် အနီးအနားတွင် နေထိုင်နေသော ပြည်သူများမှ တိုက်ပွဲဖြစ်သည်အထင်နှင့် စိုးရိမ်ထိပ်လန့်မှုများ ကြုံခဲ့ရသည်။

August 17, 2026
သျှမ်းပြည်၊ 'ဝ'တပ်ဖွဲ့ (UWSA) ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ...
ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...
August 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်...
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
August 13, 2026
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ...