မြဝတီ-ကော့ကရိတ်အာရှလမ်း ပြန်ထိန်းချုပ်ဖို့ စစ်တပ် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ

မြဝတီ-ကော့ကရိတ်အာရှလမ်း ပြန်ထိန်းချုပ်ဖို့ စစ်တပ် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ
Photo - social media
Photo - social media

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းတို့မှာ စစ်ကော်မ ရှင်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့နဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က ဩဂုတ်လအ စောပိုင်းကစပြီး လူလက်နက်အင်အားတွေကို ဖြည့်ဆည်းလာနေပြီး လက်နက်ကြီး ဒရုန်း လေ ကြောင်းပစ်ကူတွေအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာပါ။

စစ်ကော်မရှင်တပ်စစ်ကြောင်းတွေက ဗိုလ်ဘိဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေနဲ့အတူ ကော့ကရိတ်မြို့ကနေ တစ်ဆင့် အာရှလမ်းနဲ့ ဒေါနတောင်ပေါ်လမ်းဟာင်းတွေဘက်မှာ ထိုးစစ်ဆင်လာတဲ့အတွက် KNLA မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်တို့နဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားလျက်ရှိတာပါ။

ဒါ့အပြင် မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းကနေတစ်ဆင့် သင်္ကန်းညီနောင်ဘက်ကို စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ၂၇၅ တပ်ရင်းထဲက တပ်သား ၃၀၀ ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ညပိုင်းက ထိုင်း-မြန်မာ အမှတ် ၂ ချစ် ကြည်ရေးတံတားဆီ ဝင်ရောက် နေရာယူလာတယ်လို့ မြဝတီမြို့ခံတွေက ဆိုပါတယ်။

မြဝတီမြို့မှာရှိတဲ့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့က စစ်ကော်မရှင်က အကြောင်းပြချက်မပေးဘဲ တဖက်သတ်ပိတ်ထားလိုက်ပြီးနောက် အမှတ် ၂ တံတားဆီ အင်အားအလုံးအရင်းနဲ့ တပ်စွဲလာခဲ့တာဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်က အမှတ် ၂ တံတားဆီ အင်အားအများအပြားနဲ့ တပ်စွဲဝင်ရောက်နေထိုင်တာဟာ ခလရ ၂၇၅ တပ်ရင်းထဲမှာ လူအင်အားများနေတဲ့အတွက် တစ်ဝက်ခွဲပြီး တံတား ၂ ဆီ ရွှေ့ ပြောင်းတပ်စွဲခိုင်းတာဖြစ်နိုင်သလို လုံခြုံရေးအတွက်လည်း ဖြစ်နိုင်တယ်လို့ မြဝတီဒေသခံတချို့က သုံးသပ်တာတွေ ရှိနေပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ အခုထိုးစစ်ဟာ ရွေးကောက်ပွဲမတိုင်ခင် အာရှလမ်းမကြီးကနေတစ်ဆင့် သင်္ကန်းညီနောင်နဲ့ မြဝတီမြို့တွေကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ဖို့အတွက် အပြင်းအထန် ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။

March 6, 2026
အရှေ့အလယ်ပိုင်း‌ဒေသမှာ ဖြစ်ပွားနေတဲ့ အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ပွဲကြောင့်...
March 5, 2026
တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ...
March 4, 2026
စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုက...
March 2, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနဲ့ သစ်တိုကျွန်းကျေးရွာလမ်းပိုင်းတို့မှာ...